စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် စစ်ကိုင်းခရိုင်အတွင်းရှိ စိုက်ပျိုးရေး/ မွေးမြူရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

စစ်ကိုင်း ဩဂုတ် ၂၂

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လည်ပိုင်းက မြင်းမူမြို့နယ် ပျော့ရွာကျေးရွာရှိ ဧက(၃၆၀၀)ဧက အကျိုးပြု မြစ်ရေတင် စီမံကိန်းသို့ ရောက်ရှိ ရာ တာဝန်ရှိသူများက ရေပေးဝေနေမှု၊ စပါးစိုက်ပျိုးထားရှိမှုနှင့် အထွက်နှုန်း ကောင်း စေရန် စိုက်ပျိုးထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ရေပေးဝေနေမှုနှင့် စပါးစိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေး ခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပျော့ရွာကျေးရွာ တောင်သူဦးဝင်းလှိုင်၏ စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာဖြင့်စိုက်ပျိုးထားရှိသည့် စပါးတင်း(၁၀၀) နှင့်အထက် ထွက်ရှိရေး စံပြကွက်ကိုလည်း ကောင်း၊ ထီးဆောင်းကျေးရွာအနီး ဒေသနွားမျိုးထိန်း မျိုးပွားနှင့်တိရစ္ဆာန်အာဟာရ ဖွံ့ဖြိုးရေး သုတေသန ခြံသို့လည်းကောင်း၊ မြင်းမူမြို့၊ မြောက်ပိုင်းရပ် တောင်သူဦးဝင်းမင်းသန်း၏ စိုက်ပျိုးရေး ဦးစီးဌာနမှ နည်းပညာဖြင့် စိုက်ပျိုးထားသည့် ဝါမျိုးသန့်စံပြစိုက်ခင်း (၁၀)ဧက သို့လည်းကောင်း ကြည့်ရှူ့စစ်ဆေးရာ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေး ခဲ့ကြပြီး တင်ပြချက်များအပေါ် လုပ်ငန်းအဆင်ပြေစေရေး လိုအပ် သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မြင်းမူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် မြောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမများ၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ် ချုပ်ရေးမှူများ၊ မြို့မိ/ မြို့ဖများနှင့် တွေ့ဆုံ၍ လုပ်ငန်းလမ်းညွှန်ချက်များမှာကြားကာ တက်ရောက်လာ ကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့ဌာနများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြကြပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လိုအပ်သည့် လုပ်ငန်းဆောင်ရွက်မှုများကို ဖြည့်စွက် တင်ပြကြရာ တင်ပြချက်များအပေါ် ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများ၊ အလှူငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ရာ တာဝန်ရှိသူအသီးသီးတို့က လက်ခံ ရယူပေးခဲ့ကြ ကြောင်းသိရသည်။

ဇော်မြင့်နိုင်