ပုသိမ် သြဂုတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ကုသ၊ထိန်းချုပ်ရေးလုပ်ငန်းများ အတွက် အလှူငွေပေးအပ်ခြင်း နှင့် ကျန်းမာရေး ဝန်ထမ်းများ ၊ Volunteers များအား ဂုဏ်ပြုထောက်ပံ့ခြင်း အခမ်းအနား ကို ယနေ့နံနက်(၀၉၀၀) နာရီအချိန် က ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း က အဖွင့်အမှာ စကားပြောကြားပြီး အလှူရှင်(၃၆)ဦးမှ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ကုသရေး လုပ်ငန်းများအတွက်ငွေကျပ်(၇၇,၆၅၅,၀၀ဝိ/-) တန်ဖိုးရှိအလှူငွေ နှင့် ရောဂါကာကွယ်ကုသရေးသုံး ပစ္စည်းများ ပေးအပ်လှူဒါန်းမှုကို လက်ခံရယူကာ အလှူရှင် များအား ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည် ပေးအပ်သည်။
ဆက်လက်၍ ကျန်းမာရေးဝန်ထမ်းများနှင့်ဆေးရုံများအတွက်ထောက်ပံ့ငွေကျပ်(၁၀၂၅)သိန်းအား ပေးအပ်ရာ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာနမှူးဒေါက်တာဇော်မင်းထွန်း ကလည်းကောင်း၊ တိုင်းဒေသကြီးအတွင်းရှိ Quarantine Center ၊ ကုသရေးစင်တာ၊ ကုသရေး ဆေးရုံများတွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် စေတနာ့ဝန်ထမ်းများအား စားစရိတ်နှင့် စက်သုံးဆီအတွက် ထောက်ပံ့ငွေကျပ် (၂၁၅၅)သိန်းကို ပေးအပ်ရာစေတနာ့ ဝန်ထမ်းများကိုယ်စား ဦးဝေယံ ကလည်းကောင်း ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်အောင်အောင် က တိုင်းဒေသကြီးအတွင်းရှိ Quarantine Center ၊ ကုသရေး စင်တာ၊ ကုသရေးဆေးရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် စေတနာ့ဝန်ထမ်းများ အတွက်ငွေကျပ် (၂၁၇၀)သိန်းတန်ဖိုးရှိ ကျန်းမာရေးအကာအကွယ်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ စေတနာ့ဝန်ထမ်းများ ကိုယ်စား ဦးချစ်ကိုကိုဝင်း က လက်ခံရယူသည်။ထို့နောက် အလှူရှင်များကိုယ်စား တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆောက်အဦ ဦးစီးဌာန၊အဆောက်အဦ အထူး အဖွဲ့(၁၅)မှ တာဝန်ယူတည်ဆောက်နေသည့် ပုသိမ်ပြည်သူ့ဆေးရုံကြီး(၉)ထပ်တိုးချဲ့ဆောင် ဆောက်လုပ် ခြင်းလုပ်ငန်းကို သွားရောက်ကြည့်ရှုရာ ရှင်းလင်းဆောင် တွင် အဆောက်အဦအထူးအဖွဲ့(၁၅)မှ လက်ထောက် ညွန်ကြားရေးမှူး ဦးသိန်းစိုး က စီမံကိန်းဆိုင်ရာအချက်အလက်များ၊ ဘဏ္ဍာရေး နှစ် အလိုက် ရရှိရန်ပုံငွေဖြင့် တည်ဆောက်နေမှု အခြေအနေများ၊ တည်ဆောက်ပြီးစီးမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ၁၀၀% ပြီးစီးရန် လျာထား ရန်ပုံငွေများအား Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် က လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ အဆောက်အဦတည်ဆောက်ပြီးစီးမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ကိုတွတ်(ပြန်/ဆက်)