မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ညဈေးတည်ဆောက်မှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး မကွေး

         မကွေး           ဩဂုတ်          ၂၁

မကွေးတိုင်းဒေသကြီးပြည်သူ့ဆေးရုံကြီးသန့်ရှင်းသာယာလှပရေးအတွက် ယနေ့နံနက် ၈ နာရီအချိန်က မကွေးမြို့ ပြည်သူ့ဆေးရုံကြီးဝင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မကွေးမြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း ဆေးရုံဝန်ထမ်းများ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်မျာက ဆေးရုံဝင်းအတွင်း ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပေါင်းပင်များ ရှင်းလင်းခြင်း၊ သန့်ရှင်းရေးဆောင်ရွက်နေမှုအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ လူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့်၊ အတွင်းရေးမှူး ဦးဝင်းရှိန်တို့က လှည့်လည်ကြည့်ရှုခဲ့အားပေးခဲ့ကြောင်း သိရသည်။

အဆိုပါစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ ပြည်သူ့ဆေးရုံများတွင် အသီးသီးဆောင်ရွက်လျက်ရှိပြီး အပတ်စဉ် စနေ့နေ့တိုင်း ဆေးရုံများ၊ စာသင်ကျောင်းများ၊ဈေးများတွင် အလှည့်ကျ စုပေါင်းသန့်ရှင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကွေးမြို့ ကမ်းနားလမ်းတွင် တည်ဆောက်လျက်ရှိသည့် ညဈေးတည်ဆောက်မှုအခြေအနေအား ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းအန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေးပြည့်မှီစွာဖြင့် သတ်မှတ်ကာလ ပြီးစီးရေးနှင့် တည်ဆောက်ရေးတာဝန်ခံ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သတ်၍ရှင်းလင်းတင်ပြ ချက်များအပေါ် လိုအပ်သည်များအား မှာကြား ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

အဆိုပါညဈေးတည်ဆောက်ခြင်းကို ၂၉.၆.၂၀၂၁ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၃၀.၉.၂၀၂၁ ရက်နေ့တွင် ပြီးစီးတည်ဆောက်သွားမည်ဖြစ်ရာ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ (၁၂၀၀)သန်းဖြင့် လုပ်ငန်းစတင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ကိုအောင်