ကျောက်ဆည် ဩဂုတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေ၊ အောက်ဆီဂျင် ပြတ်လပ်မှုမရှိစေရေး စီမံဆောင်ရွက်ထားရှိမှု၊ ကိုဗစ်-၁၉ ပိုးတွေ့လူနာများကုသပေးနေမှု၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မခံရအောင် ပြည်သူများလိုက်နာဆောင်ရွက်သွားရမည့် ဆောင်ရန်၊ရှောင်ရန်အချက်များ သိရှိစေရန် ယနေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင် အထွေထွေရောဂါကုဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး။ ကျောက်ဆည်ခရိုင်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု အခြေအနေနဲ့ ပတ်သတ်ပြီး ရှင်းပြပေးစေလိုပါတယ်ရှင့်။
ဖြေ။ ကျောက်ဆည်ခရိုင်မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ကျား(၃၄၅)ဦး။ မ(၂၆၁)ဦး၊ စုစုပေါင်း(၆၀၆)ဦး၊ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ရရှိသူ ကျား(၂၈၈)ဦး၊ မ(၁၉၉)ဦး၊ စုစုပေါင်း(၄၈၇)ဦး၊ သေဆုံးသူ ကျား(၄၅)ဦး၊ မ(၄၃)ဦး၊ စုစုပေါင်း(၈၈)ဦးနှင့် ဆေးဝါးကုသမှုခံယူနေသူ ကျား(၁၂)ဦး၊ မ(၁၉)ဦး၊ စုစုပေါင်း(၃၁)ဦးရှိပြီး လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ကူးစက်မှုအခြေအနေကို သုံးသပ် ရရင် လူနာသစ်တွေ့ရှိမှု၊ ပိုးတွေ့လူနာ၊ သေဆုံးမှုများဟာ ယခင်နှစ်ပတ်လောက်က အခြေအနေနဲ့ နှိုင်းယှဉ်ရင် အနည်းငယ် ကျဆင်းလာတယ်လို့ ယူဆရပါတယ်။
မေး။ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူတွေ ထားရှိဖို့အတွက် ဘယ်လိုစီမံဆောင်ရွက်ထားရှိသလဲဆိုတာ ရှင်းပြပေးစေလိုပါတယ်ရှင့်။
ဖြေ။ ကိုဗစ်-၁၉ပိုးတွေ့ရှိသူလူနာများကို သာမန်၊ အလယ်အလတ်၊ ပြင်းထန်အမျိုးအစားခွဲခြားပြီး သာမန် လက္ခဏာရှိတဲ့ ပိုးတွေ့လူနာများကို Positive Centre များမှာထားပြီး အလယ်အလတ်နဲ့ပြင်းထန် လက္ခဏာရှိ ပိုးတွေ့လူနာများကို ဆေးရုံကိုဗစ်သီးသန့်ကုသဆောင်မှာ စောင့်ရှောက်ကုသမှု ပေးပါတယ်။ Positive Centre မှာ ထားတဲ့ သာမန်လက္ခဏာ ပိုးတွေ့လူနာများထဲက ဆေးရုံတင် ကုသရမဲ့ အခြေအနေတွေရှိခဲ့ရင်လည်း ချက်ချင်းဆေးရုံသို့ လွှဲပြောင်းစေပြီး ကုသမှုပေးပါတယ်။
မေး။ ကျောက်ဆည်ခရိုင်ပြည်သူ့ဆေးရုံကြီးမှာ လူနာတွေကို အောက်ဆီဂျင် ပြတ်လပ်မှု မရှိအောင် စီမံဆောင်ရွက် ထားရှိမှုအခြေအနေများနဲ့ ကုသရေးစင်တာတွေမှာ အောက်ဆီဂျင် ပြတ်လပ်မှု မရှိအောင် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းပြပေးစေလိုပါတယ်ရှင့်။
ဖြေ။ အောက်ဆီဂျင်လိုအပ်မှုရှိတဲ့ ပိုးတွေ့လူနာတိုင်းကို ဆေးရုံမှာဘဲ စောင့်ရှောက်ကုသပေးပါတယ်။ ဆေးရုံမှာ မူလက အောက်ဆီဂျင်ဆလင်ဒါ 40L အိုးကြီး (၇၀)လုံး၊ အိုးလတ်(၅)လုံး၊ အိုးသေး (၁)လုံးရှိပါတယ်။ Oxygen Concentrator (၈)လုံး ရှိပါတယ်။ အလှူရှင်မှ လှူဒါန်းထားတဲ့ အောက်ဆီဂျင် စက်(၁)လုံးက ပင်းထန်လူနာ (၄)ဦးစာကို အောက်ဆီဂျင်တိုက်ရိုက်ပေးနိုင်ပါတယ်။ ဆေးရုံမှာရှိတဲ့ Oxygen Plant စက်ကတော့တစ်နေကုန်မှ အောက်ဆီဂျင်(၃)လုံးလောက်သာ ဖြည့်နိုင်လို့ အရေးပေါ်အခြေအနေမှာ အားထားလို့ မရနိုင်တာကြောင့် နေ့စဉ်မန္တလေးမြို့ရှိ အောက်ဆီဂျင်စက်ရုံများသို့ သွားရောက်ပြီး မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အစီအစဉ်ဖြင့် ဖြည့်တင်းဆောင်ရွက်ရပါတယ်။ အလှူရှင်များ အားဖြည့်လှူဒါန်းမှုကြောင့် ယခုအခါ အိုးကြီး(၁၃၅)လုံးအထိ ရှိလာပြီဖြစ်တာကြောင့် နေစဉ်အိုးကြီးအလုံး(၅၀)ခန့် ဖြည့်တင်းပြီး လူနာများအောက်ဆီဂျင် ပြတ်လပ်မှုမရှိစေရေး ဆောင်ရွက်ပေးလျက်ရှိပါတယ်။
မေး။ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများနဲ့ ထိတွေ့ထားသူတွေကို ဘယ်လိုစီမံဆောင်ရွက်ပေးနေတယ် ဆိုတာ ရှင်းပြပေးစေလိုပါတယ်ရှင့်။
ဖြေ။ လက်ရှိအခြေအနေမှာတော့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူများနဲ့ဆက်စပ်တဲ့ Contact များကို Strict Home Quarantine Method သာကျင့်သုံးနိုင်ပါတယ်။
မေး။ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မခံရအောင် ဘယ်လိုပြုမူနေထိုင်သင့်သလဲဆိုတာ ရှင်းပြပေးစေ လိုပါတယ်ရှင့်။
ဖြေ။ ကိုဗစ်-၁၉ရောဂါ ကူးစက်မခံရအောင်ပြုမူနေထိုင်ရမှာကတော့ ထပ်တလဲလဲ ပညာပေးနေကြတဲ့အတိုင်း မလိုအပ်ဘဲအပြင်မထွက်ဖို့၊ တစ်ဦးနဲ့တစ်ဦး အနည်းဆုံး(၆)ပေခြားနေထိုင်ဖို့၊ လူစုလူဝေး ရှောင်ဖို့၊ အပြင်ထွက်ရင် Mask တပ်ဖို့၊ လက် မကြာခဏ ဆေးဖို့ဘဲဖြစ်ပါတယ်။
မေး။ ကျောက်ဆည်ခရိုင် ပြည်သူ့ဆေးရုံကြီးမှာ လက်ရှိဆောင်ရွက်နေတဲ့ အခြေအနေတွေကို ရှင်းပြ ပေးစေ လိုပါတယ်ရှင့်။
ဖြေ။ ကျောက်ဆည်ခရိုင် ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ် လူနာ(၆၀)ဦးအထိ ထားနိုင်တဲ့ သီးသန့် ကုသဆောင်များ စီစဉ်ထားပါတယ်။ ကုတင်(၄)လုံးပါရှိတဲ့ အထူးကြပ်မတ် ကုသဆောင်ရှိပါတယ်။ အောက်ဆီဂျင်ပေး ကုသနိုင်မှု အခြေအနေကတော့ အများဆုံး(၃၀)ဦးအထိဖြစ်ပါတယ်။ သမားတော် (၂)ယောက်၊ လက်ထောက်ဆရာဝန်(၄)ယောက်၊ သူနာပြုများ၊ အကူဝန်ထမ်းများနဲ့ သံသယ လူနာများ၊ ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို ကုသပေးလျက်ရှိပါတယ်။
မေး။ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးမှု အခြေအနေများကိုလည်း ရှင်းပြပေးစေလိုပါတယ်ရှင့်။
ဖြေ။ ကျောက်ဆည်မြို့နယ်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုနဲ့ပတ်သက်လို့ COVISHIELD ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးသူပေါင်း (၁၀၀၀၀)ကျော်ရှိခဲ့ပြီး Sinopharm ကာကွယ်ဆေးကို ဦးစားပေးအုပ်စုအလိုက် ပထမအကြိမ်ထိုးနှံပေးခဲ့တာ (၈၇၂၆)ဦးရှိသွားပါပြီ။ ဆက်လက်ထိုးနှံ ပေးနေဆဲ ဖြစ်ပါတယ်။
မေး။ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားအောင် ဘယ်လိုပြုမူ နေထိုင်သင့်တယ်၊ ပြည်သူများအနေနဲ့ လိုက်နာ ဆောင်ရွက်ရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များနဲ့ အခြား အသိပညာပေးချင်တာတွေ ရှိရင် ဖြည့်စွက်ပြီး ပြောကြားပေးစေလိုပါတယ်ရှင့်။
ဖြေ။ ကိုဗစ်-၁၉ မဖြစ်ပွားအောင် ဘယ်လိုပြုမူနေထိုင်သင့်တယ်ဆိုတဲ့ အချက်နဲ့ပတ်သတ်ပြီးတော့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းတွေမှာ အားလုံးပါဝင်ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ဖြည့်စွက်အကြံပြုချင်တာကတော့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်များကို တိကျစွာလိုက်နာပေးကြပါ။ ကာကွယ်ဆေးထိုးရမဲ့ အလှည့်ရောက် ခဲ့ရင်လည်း ကာကွယ်ဆေးထိုးကြပါ။ ကာကွယ်ဆေးထိုးထားခြင်းဖြင့် ကူးစက်မှုလျော့နည်းသလို ကူးစက်ခံရရင်လည်း ရောဂါမပြင်းထန်ခြင်း၊ သေဆုံးမှုနည်းခြင်း၊ အကျိုးကျေးဇူးများပါကြောင်း အကြံပြု တိုက်တွန်းလိုပါတယ်။
တွေ့ဆုံမေးမြန်းသူ-တင်တင်ထွေး(ကျောက်ဆည်)