ကျိုင်းတုံမြို့သို့ တစ်ရက်လျှင် အောက်ဆီဂျင်အိုးအလုံး ၁၀၀ ထုတ်နိုင်သည့် အောက်ဆီဂျင်ထုတ်စက် ရောက်ရှိလာပြီဖြစ်

ကျိုင်းတုံ ဩဂုတ် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီက ကျိုင်းတုံ မြို့နယ်နှင့် ဒေသအတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် အောက်ဆီဂျင်လိုအပ်သော လူနာများအတွက် အောက်ဆီဂျင် လုံလောက်မှုရှိစေရန်အတွက် ဝယ်ယူထားသည့် တစ်ရက်လျှင် အောက်ဆီဂျင် အလုံး ၁၀၀ ထုတ်နိုင်မည့်စက်ကို ယမန်နေ့ ညနေပိုင်းတွင် စက်ရုံတည်ဆောက်မည့် ကျိုင်းတုံပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာပြီဖြစ် ကြောင်း သိရသည်။
အဆိုပါ ရောက်ရှိလာသည့် အောက်ဆီဂျင်ထုတ်စက်မှာ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလ ကူးစက်မှုနှုန်းမြင့်မားမှုနှင့် ပြင်းထန်မှုအပေါ်မူတည်ပြီး ဒေသအတွင်း အောက်ဆီဂျင်လိုအပ်လာနိုင်သည့် အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၏ စီစဉ်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ အလှူရှင်များ ပါဝင်လှူဒါန်းကာ ဝယ်ယူ တည်ဆောက်ခြင်းဖြစ်သည်။
၎င်းရောက်ရှိသည့် အောက်ဆီဂျင် ထုတ်စက်အား တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျိုင်းတုံပြည်သူ့ဆေးရုံ တာဝန် ရှိသူများနှင့် သက်ဆိုင်ရာ ကုမ္ပဏီများက အောက်ဆီဂျင်စက်တပ်ဆင်ပြီးပါက လိုအပ်သည့် လူနာများအား အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေး၊ ဒေသအတွင်း လိုအပ်သည့်နေရာများသို့ စနစ်တကျ ဖြန့်ဝေပေး နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့်