ကျုံပျော်မြို့ရှိ အိမ်ထောင်စု (၁၇၄၀) ထံသို့ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အလှူရှင်များက ဆန်အိတ်ပေါင်း(၂၂၀) ထောက်ပံ့လှူဒါန်း

ကျုံပျော် ဩဂုတ် ၂၁

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ချို့တဲ့အိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန် အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့ရှိ အိမ်ထောင်စု (၁၇၄၀) ထံသို့ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အလှူရှင်များက ဆန်အိတ်ပေါင်း (၂၂၀) ထောက်ပံ့လှူဒါန်းခြင်းကို  ယနေ့  နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှူဒါန်းရာတွင်  မြို့ပေါ်(၄)ရပ်ကွက်ရှိ  လတ်တလော စားဝတ်နေရေးခက်ခဲ့သော အိမ်ထောင်စုများထံသို့ တစ်အိမ်ထောင်လျှင် ဆန်(၃)ပြည်နှုန်းဖြင့် ခွဲဝေလှူဒါန်းခြင်းဖြစ်ပြီး၊ အောင်ဆန်းရပ်ကွက်တွင် အိမ်ထောင် စု(၁၀၀၀) ၊ ပင်လုံရပ်ကွက်တွင် အိမ်ထောင်စု (၄၄၀)၊ တေဇရပ်ကွက်တွင် အိမ်ထောင်စု (၁၅၀) နှင့် မြဝတီ ရပ်ကွက်တွင် အိမ်ထောင်စု (၁၅၀)၊ စုစုပေါင်း အိမ်ထောင်စု (၁၇၄၀) တို့ထံသို့ အသီးသီးခွဲဝေ လှူဒါန်းခဲ့ သည်။

ထိုသို့ လှူဒါန်းမှုကို မြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူး သန့်ဇော်ဦး မိသားစုနှင့် မူဆယ်မြို့နေ မိတ်ဆွေ(၁၀)ဦးတို့က စုပေါင်းလှူဒါန်းခြင်းဖြစ်ပြီး၊ လှူဒါန်းမှုစုစုပေါင်းမှာ ဆန်အိတ် (၂၂၀) အိတ်၊ တန်ဘိုးငွေ (၇၅)သိန်းကျပ်ဖြစ်‌ ကြောင်း၊  အိမ်ထောင်စုများသို့ လှူဒါန်းရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ရေးလမ်းညွှန် စည်းကမ်းချက်များနှင့်အညီ  ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။