သီပေါ ဩဂုတ် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ ပြည်သူများစားသောက်ကုန်များ ဝယ်ယူရာတွင် အခက်အခဲမရှိစေရေးအတွက် ဖွင့်လှစ်ရောင်းချလျက်ရှိသော ဈေးဆိုင်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိအား မြို့နယ်ဈေးနှုန်းတည်ငြိမ်ရေးနှင့် စိစစ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီနှင့် ပူးပေါင်းအဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခြင်းခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်မှုရှိ/မရှိ ၊ အခြေခံစားသောက်ကုန် များအား ဈေးနှုန်းမြှင့်တင် ရောင်းချ နေမှုများရှိ/မရှိ ၊ ကုန်ပစ္စည်းများ၏ သတ်မှတ်ရောင်းချ ဈေးနှုန်းများကပ်ထားခြင်းရှိ/မရှိ၊ ပုံမှန်ဈေးနှုန်းအတိုင်း ရောင်းချလျက်ရှိကြောင်းဆိုင်းဘုတ် ၊ ဗွီနိုင်းပိုစတာများဖြင့် ကြော်ငြာခြင်းများရှိ/မရှိတို့ကို အဆိုပါပူးပေါင်းအဖွဲ့မှ စစ်ဆေး ခဲ့ကြသည်။
ဆက်လက်၍ နံနက်(၁၀)နာရီအထိ ယာယီရောင်းချခွင့်ပြုထားသော မိုင်းပွန်လမ်းတစ်လျှောက်ရှိ ဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံ၊ ပန်း ၊ အသား ၊ ငါးနှင့် အခြားစားသောက်ကုန်များအား ရောင်းချသည့် ပျံကျဈေးသည်များအား သတ်မှတ်ချက်များနှင့်အညီရောင်းချမှုရှိ/မရှိစစ်ဆေးခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးသည့်အဖွဲ့တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ် စည်ပင်သာယာရေးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာန၊မြို့နယ်ပြန်/ဆက်ဦးစီးဌာနနှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်ဈေးနှုန်း တည်ငြိမ်ရေးနှင့် စိစစ်ထိန်းချုပ်ရေးလုပ်ငန်း ကော်မတီဝင်တစ်ဦးထံမှ သိရသည်။
ခင်လေး