ဟိုပုံး ဩဂုတ် ၂၀၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပသွားလာသူ ၅၄ ဦးတို့အား ယခုဝယ် ယခုတပ်ဆင်စေခြင်းဖြင့် အသိပညာပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကိုဗစ် -၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီမှ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လက်ရှိအချိန်တွင် ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှုမြှင့်တက်နေသဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သည့်အနေဖြင့် နေအိမ်ပြင်ပ ထွက်ခွာသူတိုင်း နှာခေါင်းစည်း Mask တပ်ဆင်ထားခြင်း ရှိ / မရှိ စစ်ဆေးခြင်းများကို မြို့နယ် ကိုဗစ်ကော်မတီဝင်များက ရှောင်တခင်စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းဖြင့် မိမိနေထိုင်ရာ မြို့/ရွာ အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကို ပြည်သူများပူးပေါင်းပါဝင်လာစေရန် ဆောင်ရွက်ခြင်းဖြစ်ပြီး ထိုသို့ဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ တောင်ကြီး- လွိုင်လင် ပြည်ထောင်စုကားလမ်းမကြီး၌ စစ်ဆေးရာ နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသူ ( ၁၂ )ဦး၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဈေးလမ်းဆုံတွင် စစ်ဆေးရာ နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသူ (၃၅) ဦး၊ မွေတော်ဘုရားကြီးရှေ့၌ စစ်ဆေးရာ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသူ (၇)ဦး၊ စုစုပေါင်း ပြည်သူ (၅၄)ဦးတို့အား နှာခေါင်းစည်း Mask အား ယခုဝယ် ယခုတပ်ဆင်စေခြင်းဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကို ဇွန် ၁၁ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့ပြီး ဩဂုတ်၂၀ ရက်နေ့ထိ ရောဂါပိုးတွေ့ရှိသူ ၄၅၃ ဦးရှိပြီးဖြစ်ကြောင်း သိရသည်။
ခင်အိအိသန်း