ကျောက်ပန်းတောင်း ဩဂုတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ညောင်ပင်သာကျေးရွာအုပ်စုရှိ မြောင်းဝကျေးရွာတွင် ယနေ့ နံနက်(၆:၁၅)နာရီခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နှစ်သက်တန်း(၅၀)နှစ်ခန့်ရှိ မန်ကျီးပင် ပြိုလဲခဲ့ရာ၊ လူနေအိမ်(၂)လုံး၊ နွားတင်းကုတ်(၁)လုံးနှင့်မီးဖိုဆောင်(၁)ဆောင် ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မန်ကျီးပင်ပြိုလဲမှုကြောင့် ဦးမောင်သန်း(ဘ)ဦးဝင်းမောင်၊ တောင်သူ၏ (၄)ပင်ပတ်လည် သွပ်မိုး၊ ထရံကာ (၂)ထပ် လူနေအိမ် တစ်စိတ်တစ်ပိုင်းနှင့် (၄)ပင်ပတ်လည် နွားတင်းကုတ် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ပြီး၊ ခိုင်းနွား(၁)ကောင် နှင့် နွားမ(၁)ကောင်သေဆုံးခဲ့သဖြင့်၊ ဆုံးရှုံးမှုတန်ဘိုး လူနေအိမ်ပျက်စီးမှု ခန့်မှန်းတန်ဘိုး(၄)သိန်းကျပ်၊ ခိုင်းနွားခန့်မှန်းတန်ဘိုး ကျပ်(၁၁)သိန်းခန့်၊ နွားမခန့်မှန်းတန်ဘိုး ကျပ် (၈)သိန်းခန့် နှင့်နွားတင်းကုတ်ပျက်စီးမှုခန့်မှန်းတန်ဘိုး ကျပ်(၅)သောင်းခန့် စုစုပေါင်း(၂၂.၅)သိန်း ကျပ် ဖြစ်ကြောင်းသိရသည်။ အလားတူ အဆိုပါ မန်ကျီးပင်ပြိုကျမှုကြောင့် ဒေါ်ခင်သန်းကြည်(ဘ) ဦးစိန်မောင်၊ တောင်သူ၏ (၄)ပင်ပတ်လည် လူနေအိမ် တစ်စိတ်တစ်ပိုင်းနှင့် လူနေအိမ်နှင့်တွဲလျှက်၊ ထမင်းချက်ဆောင် တစ်စိတ်တစ်ပိုင်းပါပျက်စီးခဲ့ပြီး၊ ဆုံးရှုံးမှုတန်ဘိုးမှာ ခန့်မှန်းတန်ဘိုးကျပ်(၃.၅) သိန်းကျပ်ဖြစ်ကြောင်း သိရသည်။ သို့ဖြစ်ရာ ဦးမောင်သန်းနှင့် ဒေါ်ခင်သန်းကြည်တို့၏ (၂)ဦးပေါင်း ပျက်စီးဆုံးရှုံးမှုတန်ဘိုးမှာ (၂၆)သိန်းကျပ်ဖြစ်ကြောင်းနှင့် လူထိခိုက် သေဆုံးမှု မရှိကြောင်းသိရသည်။
အဆိုပါ သဘာဝဘေးဖြစ်ပွားသည့် မြောင်းဝကျေးရွာသို့ သတင်းရလျှင်ရခြင်း ကျောက်ပန်းတောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး (ယာယီရဲမှူး) မျိုးမင်းတို့ သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး/ဆယ်အိမ်မှူး များနှင့်တွေ့ဆုံ၍ ပြိုလဲသစ်ပင်အား ရှင်းလင်းခြင်း၊ ပျက်စီးလူနေအိမ်များအား အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)