နောင်ချို ဩဂုတ် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်အတွင်းရှိ ကိုဗစ်စင်တာများရှိ ပိုးတွေ့လူနာများ အသုံးပြုရန် ၄၀ လီတာဆန့်အောက်ဆီဂျင်အိုးကြီး ၃၁ လုံး အရည်ဖြည့်ပြီး ယမန်နေ့က ပြန်လည်ရောက်ရှိလာကြောင်း ပရဟိတအဖွဲ့များထံမှ သိရသည်။
အဆိုပါအောက်ဆီဂျင်များကို တန့်ယန်းမြို့နယ် Conor Stone မှ ဖြည့်ဆည်း လှူဒါန်းပေးခြင်းဖြစ်ပြီး နောင်ချိုမြို့နယ် ပရဟိတလူငယ်များမှ သွားရောက်သယ်ယူခဲ့ကြပြီး ခရီးစဉ်အတွက် လိုအပ်သောယာဉ်ကို ဦးအောင်နိုင်အေး (ဗိုလ်ပလောင်) မိသားစုမှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ နောင်ချိုမြို့နယ်အတွင်း အောင်ဆီဂျင်လိုအပ်ချက်များကို နောင်ချိုမြို့ Crown ဘိလပ်မြေစက်ရုံမှလည်း အခါအားလျော်စွာ ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ နောင်ချိုမြို့နယ်၌ နေ့စဉ်ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာများ တွေ့ရှိလျက် ရှိပြီး ယမန်နေ့ (၂၀.၈.၂၀၂၁)ရက်နေ့ထိ ပိုးတွေ့လူနာပေါင်း (၁၁၄၃)ဦး ၊ ဆေးရုံဆင်းခွင့်ရရှိသူ (၉၆၉)ဦး သေဆုံးသူ (၂၅)ဦး၊ ကုသမှုခံယူနေ ဆဲလူနာ (၁၄၉)ဦးရှိကြောင်း၊ အဆိုပါလူနာများထဲမှ အောက်ဆီဂျင် လိုအပ်သော လူနာများ အောက်ဆီဂျင် အချိန်မီ လုံလောက်စွာရရှိသုံးစွဲနိုင်ရန် မြို့နယ်မှ တာဝန်ရှိသူများ၊ ပရဟိတအသင်းများ၊ အလှူရှင်များမှ စွမ်းနိုင်သမျှစွမ်းဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ထွေးငယ်၊(ပြန်/ဆက်)