ကျောက်ဖြူ ဩဂုတ် ၂၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီး ကုတင် ၂၀၀ ဆံ့ရှိ အထူးကြပ်မတ်ဆောင်တွင် ကိုဗစ်-၁၉ ရောဂါဖြင့်တက်ရောက် ဆေးကုသမှု ခံယူနေသူများအနက် ရောဂါသက်သာပျောက် ကင်းသူ ၁၀ ဦးအား ယနေ့၊ နံနက်ပိုင်းက ဆေးရုံမှဆင်းခွင့်ပြုခဲ့ရာ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၃၅၂ ဦး ရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရှိရသည်။
ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးရှိ Fever Cornerနှင့် ဇင်ချောင်း/စနဲ တိုက်နယ်ဆေးရုံများသို့ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှုကြပ် စသည့် ကိုဗစ်-၁၉ သံသယရောဂါလက္ခဏာဖြင့် လာရောက်ပြသ သူများ၊ ရောဂါကူးစက်ခံရသူတို့နှင့်ထိတွေ့ ဆက်စပ်သူများနှင့် Stay at Home ဒေသများမှပြန် လည်ရောက်ရှိ လာသူများအား Quarantine Cnter ထားရှိပြီး (RDT) Test Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိသူ ကျား၄ ဦး၊ မ ၁ ဦး စုစုပေါင်း ၅ ဦးတွေ့ရှိခဲ့သည်။ ၎င်းတို့မှာ အနောက်ပိုင်းရပ်ကွက်၊ မြစ်နားတန်းရပ်ကွက်၊ ကညင်တောရပ်ကွက်၊ တိုးချဲ့ရပ်ကွက်နှင့် ကြံချိုင် ကျေးရွာတို့မှဖြစ်ကြပြီး၊ ကိုဗစ်-၁၉ ရောဂါလက္ခဏာမပြပဲ သက်သာပျောက်ကင်းသူ ကျား ၈ ဦး၊ မ ၂ ဦး၊ စုစုပေါင်း ၁၀ ဦးအား သမားတော်နှင့် တာဝန်ကျသူနာပြုဆရာမတို့က မိမိနေအိမ်တွင် (Stay at Home) အဖြစ် ခုနစ်ရက် အသွားအလာကန့်သတ်ကာ သီးသန့်နေထိုင်ရမည်ဖြစ်ပြီး ကျန်းမာရေး ဆိုင်ရာလမ်းညွှန်ချက်များကို တိကျစွာလိုက်နာ ကြရန်မှာကြားပြီး ဆေးရုံဆင်းလက် မှတ်ပေးအပ်ခဲ့သည်။ ဆေးရုံဆင်းခွင့်ရရှိသူများအား ကျောက်ဖြူမြို့ရှိ ပရဟိတအဖွဲ့များက နေအိမ်သို့ အသီးသီးပြန်လည် ပို့ဆောင်ပေးခဲ့ကြသည်။
ကျောက်ဖြူမြို့နယ်တွင် ဇူလိုင်လ ၃ ရက်နေ့မှ ဩဂုတ်လ ၂၀ ရက်နေ့၊ ညနေ ၅ နာရီအထိ ကိုဗစ်-၁၉ ရောဂါစစ်ဆေးအတည်ပြုသူ စုစုပေါင်း ၄၇၀ ဦးအထိရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၃၅၂ ဦး၊ ဆေးရုံတွင် ဆေးကုသမူခံယူနေသူ စုစုပေါင်း ၇၄ ဦးနှင့် သေဆုံးသူစုစုပေါင်း ၄၄ ဦးရှိကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူတစ်ဦးထံမှသိရသည်။
ဖြိုးဝေလင်း၊တင်ထွန်းဦး