ဝက်လက် သြဂုတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးကို ပထမအကြိမ်အဖြစ် လူဦးရေ ၆၀၀၀ ဦးကို ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးများကို ရဟန်းသံဃာများ ၊ ကာကွယ်ဆေး မထိုးရသေးသည့် ဝန်ထမ်းများ ၊ ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများ ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ ၊ ပုဂ္ဂလိက ဆေးခန်းများမှ ဝန်ထမ်းများ ၊ စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်နေသူများ ၊ ဘိုးဘွာရိပ်သာမှ သက်ကြီးဘိုးဘွားများ ၊ သီလရှင်များ၊ ကိုဗစ်- ၁၉ ထိန်းချုပ်ရေးတွင် လုပ်ကိုင်ဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများ ၊ စျေးရောင်းချသူများကို ထိုးနှံပေးပြီးကြောင်း သိရသည်။
ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းလုပ်ငန်းကို ဝက်လက်မြို့နယ်အတွင်း စုရပ် သုံး ခုတွင် နံနက် ၈ နာရီမှ ညနေ ၃ နာရီ အထိ ၊ ပထမအကြိမ် သြဂုတ်လ ၃ ရက်နေ့ နှင့် ၄ ရက်နေ့ များတွင် လူဦးရေ ၂၀၀၀ ဦ:ကို လည်းကောင်း၊ ဒုတိယအကြိမ် သြဂုတ်လ ၇ ရက် ၊ ၈ ရက် ၊ ၉ ရက် နေ့များတွင် လူဦးရေ ၂၀၀၀ ဦးကို လည်းကောင်း ၊တတိယအကြိမ် သြဂုတ်လ ၁၄ ရက်နေ့ တွင် လူဦးရေ ၁၀၀၀ ဦးကိုလည်းကောင်း ၊စတုထ္တ အကြိမ် သြဂုတ်လ ၂၀ ရက်နေ့က လူဦးရေ ၁၀၀၀ စုစုပေါင်း လူဦးရေ ၆၀၀၀ ဦးကို ပထမအကြိမ်အဖြစ် ထိုးနှံပြီးကြောင်းကို မြို့နယ်အဆင့် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံမှသိရှိရပါသည်။
စိုးစိုးလှိုင် ( ဝက်လက်)