မိုင်းဆတ် ဩဂုတ် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် ပြည်သူများ ကျန်းမာရေးအသိဖြင့် ပူးပေါင်းပါဝင်စေရန် အသိပညာပေး ကြေညာခြင်းကို ယနေ့ နံနက် (၈) နာရီခွဲက ဌာနဆိုင်ရာများနှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေး နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်ရန် တတ်နိုင်သမျှ မိမိအိမ်တွင်း၌သာနေထိုင်ကြရန်၊ မဖြစ်အနေအိမ်အပြင်ထွက်ရပါက နှာခေါင်းစည်း(Mask)တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေထိုင်ရန်၊ လူစုလူဝေးရှိသောနေရာများသို့ သွားလာခြင်းမှရှောင်ကျဉ်ရန်၊ လေဝင်လေထွက်မကောင်းသောနေရာများသို့ သွားရောက်ခြင်း မပြုလုပ်ရန်၊ မိမိအနေဖြင့် ရောဂါပိုးကူးစက်ခံရသည်ဟုသံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီး ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို အမြန်တားဆီးကာကွယ်နိုင်ရန်အတွက် ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းများကို ပြည်သူများကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် စသည့်အချက်များကို မြို့မဈေးရှေ့နှင့် မိုင်းတုံလမ်းဆုံတို့တွင် အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခဲ့သည်။
အဆိုပါ အသိပညာပေး ကြေညာခြင်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြင့်မောင် (မိုင်းဆတ်)