ပွင့်ဖြူ ဩဂုတ် ၂၁
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် အခြားသော ဘေးအန္တရာယ်များ ကျရောက်လာပါက ပြည်သူများ၏ အသက်အိုး အိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေးအတွက် သဘာဝဘေး အန္တရာယ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်ထိရောက်စွာ တုံ့ပြန် ကူညီဆောင်ရွက် နိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ စုဖွဲ့လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စုဖွဲ့၍ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက် ရာတွင် ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ခံမြို့ နယ်ဦးစီးမှူး ဦးမျိုးထွဋ်ခိုင်က အနီးကပ်ကြီးကြပ်၍ ရှာဖွေကယ်ဆယ် ရေးတပ်ဖွဲ့ဝင်များက မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး သဘာဝဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးမှု မဖြစ်အောင်လျင်မြန် ထိရောက်စွာ ရှာဖွေကူညီ ကယ်ဆယ် နိုင်ရေးအတွက် ကယ်ဆယ်ရေးပစ္စည်းများဖြင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက် ခဲ့ကြသည်။
မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ဒေသခံပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ကူညီကယ်ဆယ် ပေးနိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနရုံးသို့အချိန်မရွေး ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းနှင့် ရုံးဖုန်းနံပါတ်များကိုလည်း အသိပေးကြေညာထားရှိကြောင်း တာဝန်ခံ မြို့နယ် မီးသတ်ဦးစီးမှူး ဦးမျိုးထွဋ်ခိုင်ထံက သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )