မင်းဘူး ဩဂုတ် ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်းငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ် လျက်ရှိရာ အဆိုပါ အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက လတ်တလော ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ကိုဗစ်ကော်မတီအဖွဲ့ဝင်များ၊ ပရိဟတအဖွဲ့အစည်းများနှင့် ဆေးအရောင်းဆိုင် လုပ်ငန်းရှင်များက မိမိတို့လက်ရှိဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ မန်းရေနံမြေနှင့် ထောက်ရှာပင် ရေနံမြေများတွင် ကိုဗစ်-၁၉ ကုသရေးစင်တာများ ဖွင့်လှစ်ထားရှိဆောင်ရွက်မှုများ၊ ခရိုင်ပြည်သူ့ဆေးရုံ တွင် ကိုဗစ်-၁၉ လူနာ ကုသပေးနေမှုများ၊ အောက်စီဂျင် ရရှိသုံးစွဲမှုနှင့် လိုအပ်မှုများ၊ Stay at Home ကာလ သတ်မှတ်စည်းကမ်းချက်းများကို လိုက်နာရန် အသိပညာပေးဆောင်ရွက်မှုများ၊ ပရဟိတအသင်းအဖွဲ့စည်းများ၏ ကူညီဆောင်ရွက်ပေးနေမှုများနှင့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှု အခြေအနေများ၊ ဆေးအရောင်းဆိုင်များ နေ့စဉ်ဖွင့်လှစ်ရောင်းချ နေမှုများကို ဝိုင်းဝန်းအကြံပြုဆွေးနွေး တင်ပြကြရာ တင်ပြလာမှုအပေါ် ခရိုင်ကိုဗစ်ကော်မတီ ဥက္ကဋ္ဌမှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပြီး ဆေးအရောင်ဆိုင်းများအနေဖြင့် ဆေးဝါးနှင့် ဆေးအသုံးဆောင် ပစ္စည်းများကို ဈေးနှုန်းမြှင့်တင် ရောင်းချမှုများ မပြုလုပ်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတလူမှုကူညီရေး အသင်းအဖွဲ့အစည်းများ၊ ဆေးအရောင်းဆိုင် လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)