သာပေါင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ "ပန်းခင်း"စီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ပေးအပ်

သာပေါင်း    ဩဂုတ်    ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ လှေကြီးတတ်ကျေးရွာအုပ်စု၊ လှေကြီးတတ်ကျေးရွာရှိ အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)ခန်းမဆောင်တွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ "ပန်းခင်း"စီမံချက်အရ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၃၄၄) ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း(၁၄၈)စောင် ပေးအပ်ပွဲ ကျင်းပခဲ့သည်။ ရှေးဦးစွာ  လူမှုရေးရာဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်း က "ပန်းခင်း"စီမံချက်အရ နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးရသည့် အခြေအနေနှင့်ပတ်သက်၍ ပြည်သူလူထုအား ရှင်းလင်းတင်ပြရာတွင် “နိုင်ငံသားတစ်ဦးအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ကိုင်ဆောင်သင့်သည့်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်ခွင့်နှင့် အိမ်ထောင်စုလူဦးရေစာရင်းတို့ကို ထုတ်ပေးလျက်ရှိကြောင်း ၊ယင်းသို့ထုတ်ပေးသည့်အခါ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသည့်သူများ အနေဖြင့် ကုန်ကျစရိတ်ဖြစ်သည့် ဓာတ်ပုံရိုက်ခ၊ သွေးစစ်ဆေးခအတွက် ကုန်ကျသည်ကလွဲ၍ ဦးစီးဌာနမှ ငွေကြေး ကောက် ခံခြင်း မရှိကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးသည့် လုပ်ငန်းနှင့်ပတ်သက်၍ ပန်းခင်းစီမံချက် အရ ၂၀၂၁ ခုနှစ်၊ မတ်လ ၅ ရက်နေ့ကစ၍ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသည့် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ စက်ရုံအလုပ်ရုံဝန်ထမ်းများနှင့် ပြည်သူလူထု အများအပြားကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း” အလေးထား ပြောကြားခဲ့ပါသည်။

ထို့နောက် အဆင့်မြင့်စက္ကူစက်ရုံ စက်ရုံမှူး ဦးသိန်းဇော်ဦးက ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက် ပေးခဲ့မှုအတွက် ကျေးဇူးတင်စကားပြောကြားပြီးနောက် တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းနှင့် တာဝန်ရှိသူများက စက်ရုံဝန်ထမ်း၊ ဝန်ထမ်းမိသားစုများနှင့် လှေကြီးတတ်ကျေးရွာနေ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများ ပေးအပ်ကြပါသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်မှုနှင့်ပတ်သက်၍ လတ်တလော ကြုံတွေ့ရသည့် အခက်အခဲနှင့် ပတ်သက်ပြီး “လဝကအနေဖြင့် ကိုဗစ်-၁၉ တတိယလှိုင်းကာလတွင် ရုံးများပိတ်သော်လည်း ရုံးဝန်ထမ်း၏ အင်အားတဝက်ကို အိမ်မှာနေစေ၍ Work from Home ဖြင့် ဆောင်ရွက်ခြင်း၊ ကျန်တဝက်ကို ရုံးတက်ပြီးအလုပ်လုပ်ရန် ညွှန်ကြားချက်ရှိတဲ့အတွက် ဌာနမှ လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိသော်လည်း ပြည်သူများအနေဖြင့် ကိုဗစ် တတိယလှိုင်းမှာ အသက်အန္တရာယ် စိုးရိမ်တာဖြစ်တဲ့အတွက် ရုံးကိုလာရောက်သူက နည်းပါးပါတယ်။ လောလောဆယ် ကွင်းဆင်းနိုင်တဲ့ လုပ်ငန်းတွေကို မလုပ်နိုင်သေးသော်လည်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်ပြီး နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသည့် အမည်စာရင်း တွေ ကျွန်တော်တို့ဆီမှာရှိနေတဲ့အတွက် အမည်စာရင်းများ တိုက်ဆိုင် စစ်ဆေးခြင်း၊ မြေပြင်တွင် အမှန်တကယ် ရှိ/မရှိ စစ်ဆေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ် အမှန်တကယ်လုပ်လိုသူများကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ကတစ်ဆင့် တက်လာသည့် စာရင်းအတိုင်း ဌာနမှ လျှောက်လွှာများကို ကြိုဖြန့်ဝေထားပြီး လိုအပ်သည့် ထောက်ခံစာများ၊ အထောက်အထားများ၊ မိတ္တူများ စုံလင်ပါက ရက်ချိန်းဖြင့် ရုံးသို့လာရောက်စေခြင်း၊ ရုံးသို့လာရောက်သည့် ပြည်သူများအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် ကိုဗစ်-၁၉ ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ထားရှိပေးခြင်း၊ ဌာနမှ ကြိုတင်ဖြန့်ထားသည့် လျှောက်လွှာများ တက်မလာသေးသော်လည်း ကျွန်တော်တို့အနေဖြင့် နိုင်ငံသားအားလုံးကို ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကိုင်ဆောင်နိုင်ခွင့်ရရှိအောင် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ခရိုင်လဝကဦးစီးမှူး ဦးခင်မောင်ဝင်း က ပြောပါသည်။

မျိုးဇော်သိန်း