ဆိပ်ဖြူ ဩဂုတ် ၂၀
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်မြင်က၀ကျေးရွာအုပ်စုရှိ အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းတွင်ဒေသခံတောင်သူများက မိုးစပါးနှင့် အခြားသီးနှံစုံ လျာထားစိုက်ဧက ပြည့်မီစွာ စိုက်ပျိုးခဲ့ကြသည်။
အောက်ဆိပ်လျှပ်စစ်မြစ်ရေတင် စီမံကိန်းတွင် ၂၀၂၁ ခုနှစ် မိုးသီးနှံကို မိုးစပါး ၅၂၀ ဧကနှင့် အခြားသီးနှံစုံ ၆၈၀ ဧက လျာထားစိုက်ဧက စုစုပေါင်း ၁၂၀၀ ဧကစိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ဒေသခံတောင်သူများ၏ ဒေသ ဝမ်းစာဖူလုံပြီး လူမှုစီးပွား မြင့်မားတိုးတက်လာစေရန်အတွက် ဧရာဝတီမြစ်မှ လျှပ်စစ်မြစ်ရေတင်စနစ်ဖြင့် ပင်မရေမြောင်းကြီး(၁)ခု၊ ထပ်ဆင့်ရေတင်(၃)ခု၊ လက်တံမြောင်း(၁၀)ခုတို့ဖြင့် စိုက်ပျိုးရေပြည့်ဝစွာရရှိရေး၊ အထွက်နှုန်းမြင့် မျိုးကောင်းမျိုးသန့်များဖြင့် စနစ်တကျ စိုက်ပျိုးဆောင်ရွက်နိုင်ရေးတို့ကို စီစဉ်ဆောင်ရွက်ပေးခဲ့ရာ ၂၀၂၁ မိုးသီးနှံများကို ဩဂုတ်လ ဒုတိယအပတ်တွင် တောင်သူများက လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အောက်ဆိပ်မြစ်ရေတင်စီမံကိန်းမှ တာဝန်ရှိသူများနှင့် စိုက်ပျိုးရေပေးဝေရေးကော်မတီတို့က တောင်သူများ အချိန်မီစိုက်ပျိုးဆောင်ရွက်နိုင်ရေးအတွက် ဇွန်လ တတိယပတ်တွင်စပါးပျိုးထောင်ရေးကို စတင်လွှတ်ပေးခဲ့ပြီး၊ ဇူလိုင်လ ပထမ ပတ်တွင် မိုးစပါးနှင့် အခြားသီးနှံ စိုက်ပျိုးရေပြည့်ဝစွာရရှိရေးဆောင်ရွက်ပေးခဲ့ကြောင်း စိုက်ပျိုးရေပြည့်ဝစွာရရှိအပေါ် တောင်သူများကလည်း အချိန်မီစိုက်ပျိုးကြ၍ သတ်မှတ်ကာလအတွင်း လျာထားစိုက်ဧကပြည့်မီစွာ ဆောင်ရွက်နိုင်ခဲ့သလို တောင်သူများ၏ စိုက်ခင်းသီးနှံများ အောင်မြင်သည်အထိ စိုက်ပျိုးရေပြည့်ဝစွာရှိရေးအတွက် ကြီးကြပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ မိုသီးနှံ စိုက်ပျိုးရေ အသုံးပြုနှုန်းထားများမှာ ယခင်နှစ်များအတိုင်းဖြစ်ပြီး မိုးရာသီ စပါးတစ်ဧက ၆၀၀၀ ကျပ် ၊ အခြားသီးနှံ တစ်ဧက ၃၀၀၀ ကျပ်ဖြစ်ကြောင်း စိုက်ပျိုးရေပေးဝေရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်း၏ ပြောကြားသိရသည်။ အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်း တည်ရှိခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး၊ ကိုယ်တိုင်စိုက်ပျိုး တောင်သူများအနေဖြင့် စိုက်ပျိုးရေပြည့်ဝစွာရရှိခြင်းဖြင့် စိုက်ပျိုးသီးနှံများ အချိန်မီစိုက်ပျိုးနိုင်သလို ဆောင်းသီးနှံစိုက်ပျိုးနိုင်ရေးအတွက်ပါ အထောက်အကူပြုပြီး ဒေသဝမ်းစာဖူလုံမှုရှိသည့်အပြင် လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လျှက်ရှိကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။
ကိုဇွဲ ( အညာမြေ)