ပုဏ္ဏားကျွန်းမြို့၌ စေတနာရှင်ပြည်သူများ စုပေါင်းထည့်ဝင် လှူဒါန်းမှုဖြင့်အောက်ဆီဂျင်စက်ရုံ စတင်တည်ဆောက်လျက်ရှိ

ပုဏ္ဏားကျွန်း ၊ သြဂုတ် ၂၀

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရာတွင် အောက်ဆီဂျင် ပြတ်လပ်မှုအခက်အခဲမရှိစေရေးအတွက် ပုဏ္ဏားကျွန်းမြို့နယ် စေတနာရှင်များ စုပေါင်းထည့်ဝင် လှူဒါန်းမှုဖြင့် အောက်ဆီဂျင်စက်ရုံကို စစ်တွေ-ရန်ကုန် ကားလမ်းမကြီးဘေး၊ ဂူဝရေလှောင်တာတမံအနီးတွင် စတင် တည်ဆောက်လျက်ရှိသည်။

 အဆိုပါစက်ရုံမှာ သတ်မှတ်ထားသော မြေကွက်ပေါ်တွင် အလျား(၆၀)ပေ၊ အနံ(၃၀)ပေနှင့် အမြင့်(၁၅)ပေရှိ RC တစ်ထပ်အဆောက်အဦ မြန်ဆန်စွာ တည်ဆောက်ပြီးစီးနိုင်ရေးအတွက် အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီမှ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောက်ဆီဂျင်စက်အမျိုးအစားမှာ  ရန်ကုန်မြို့ရှိ KTK ကုမ္ပဏီမှ Cangas စက်ပစ္စည်း အမျိုးအစားကို  မှာယူ ထားရှိပြီး၊  တစ်ရက်လျှင် Liquid အောက်စီဂျင်(၄၀)လီတာဆံ့ဘူး (၈၀)မှ(၁၀၀)လုံးအထိ ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီထံမှသိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါနှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများအတွက် အောက်ဆီဂျင်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် Oxygen Plant ဖြစ်မြောက်ရေး ကော်မတီများထံမှ မတည်ငွေကျပ်သိန်း(၂၀၀)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းရှင်များ နှင့် စေတနာရှင် ပြည်သူများထံမှ ယနေ့အထိ၊ ထည့်ဝင်လှူဒါန်းငွေမှာ ကျပ်သိန်းပေါင်း(၂၁၀၀)ကျော်ကို လက်ခံ ရရှိထားပြီး၊ စက်ပစ္စည်းနှင့်အဆောက်အဦ အပါအဝင် ကျပ်သိန်းပေါင်း(၂၅၀၀)ခန့် ကုန်ကျမည်ဖြစ်ကြောင်း  Oxygen Plant ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်ယဉ်ထံမှ သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)