ပွင့်ဖြူ ဩဂုတ် ၁၉
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနေသည့် စေတနာ့ဝန်ထမ်း (Volunteer) များအတွက် ကျန်းမာရေးအာမခံ Premium ကြေးစာချုပ်များ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
အဆိုပါ စေတနာ့ဝန်ထမ်း(Volunteer)များအတွက် ကျန်းမာရေးအာမခံ Premium ကြေးစာချုပ်များ လွှဲပြောင်း ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင် က မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် ကိုယ်ကျိုးစွန့်ပြီး တက်ကြွစွာ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်နေမှုများအပေါ် ကျေးဇူးတင်ရှိပါကြောင်း ၊ ထိုသို့ ကူညီဆောင်ရွက်ပေးမှုအတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ စေတနာ့ဝန်ထမ်း (Volunteer) များအတွက် ကျန်းမာရေးအာမခံ Premium ကြေးစာချုပ်များကို ပြုလုပ်ပေးခြင်း ဖြစ်ပါကြောင်းနှင့် ဆက်လက်၍လည်း မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ တွင် ကြိုးပမ်းကူညီဆောင်ရွက်ပေးစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက် ပေးနေသည့် စေတနာ့ဝန်ထမ်း (Volunteer)အဖွဲ့ဝင် (၁၀)ဦး အား ကျန်းမာရေးအာမခံ Premium ကြေးစာချုပ်များနှင့် ပါးစပ်နှာခေါင်းစည်း(Mask Level 2) (၅) ဘူး ၊ PPE ဝတ်စုံ(၁၀)ထည် တို့ကို လွှဲပြောင်းပေးအပ်ရာ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဦးမောင်မောင်နိုင်နှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြသည်။
ရဲဝင်းနိုင် ( ညောင်ဦး )