ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ ၇၉၁ ဦးအထိရှိလာ

ပေါက်ခေါင်း သြဂုတ် ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့ အတည်ပြု လူနာများနှင့် ပိုးတွေ့အတည်ပြု သေဆုံးလူနာများလည်းရှိကာ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့် ရရှိသူ (၇၉၁ ) ဦးအထိ ရှိလာပြီဖြစ်ကြောင်း ယမန်နေ့ည‌နေ(၄:၀၀)နာရီအချိန်က မြို့နယ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် ဇူလိုင်လ ၂ ရက်နေ့မှ သြဂုတ် ၁၈ ရက်နေ့အထိ ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့ အတည်ပြုလူနာ စုစုပေါင်း (၁၀၆၆) ဦးရှိပြီး ပိုးတွေ့ အတည်ပြုလူနာ သေဆုံးသူ စုစုပေါင်း (၂၈) ဦးရှိကာ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိသူ (၇၉၁) ဦးရှိပြီဖြစ်ကြောင်းနှင့် ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့ အတည်ပြုလူနာများအား သက်ဆိုင်ရာ ကုသရေးဌာနများနှင့် ယာယီကုသရေးစင်တာများတွင် ကျန်းမာရေး စောင့်ရှောက် ဆေးဝါးကုသမှုများဆောင်ရွက်ပေးလျက်ရှိကာ ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူ အတူနေမိသားစုဝင်များအား အသွားအလာကန့်သတ်၍ Quarantineစင်တာများတွင်ထားရှိပြီး စောင့်ကြပ် ကြည့်ရှုခြင်းများ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုလျော့နည်းလာစေရန်အတွက် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းများအား မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ ဦးဆောင်ကာ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတ အဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက ပူးပေါင်း၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့နည်းကျဆင်းရေးအတွက် မိမိတို့နေအိမ်များတွင်သာ နေထိုင်ကြရန်နှင့် မဖြစ်မနေ နေအိမ်ပြင်ပ ထွက်ခွာသွားလာရပါက တစ်ဦးထပ် မပိုဘဲ ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်ပြီးမှ သွားလာကြရန်၊ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ ပတ်ဝန်းကျင်တို့တွင် ဖျားနာသူများရှိပါက သက်ဆိုင်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်ပြသကုသရေး တို့အား ပူးပေါင်းဆောင်ရွက်သွားကြရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ အသံချဲ့စက်ဖြင့် နေ့စဉ်တိုက်တွန်းနှိုးဆော်ထားရှိကြောင်း သိရသည်။

ဥမ္မာကျော် (မြို့နယ်ပြန်/ဆက်)