မိုင်းလုံမြို့တွင် မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် လမ်းတာဘောင်ပျက်စီးမှုဖြစ်ပွား

မိုင်းလုံ  သြဂုတ် ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် မိုးအဆက်မပျက် ရွားသွန်းမှုကြောင့် ကျောက်မဲ-မိုင်းလုံ-လဲကြီးလမ်း၌ လမ်းတာဘောင်ပျက်စီးမှုဖြစ်ကြောင်းကို မိုင်းလုံမြို့ လမ်းဦးစီးဌာနမှ သိရသည်။

လမ်းတာဘောင်ပျက်စီးမှုသည် ကျောက်မဲ-မိုင်းလုံ-လဲကြီးလမ်း (မိုင် ၅၄/၅-၅၄/၆) Km(87.91-88.11) ကြားတွင် (၃၀ပေအရှည်×၁၄ပေအကျယ်×၃ပေအမြင့်) စုစုပေါင်း(၁၂၆၀)ကုဗ‌ပေခန့်လမ်း၏ ဝဲဘက် (ချောက်ဘက်ခြမ်း)တွင် လမ်းပုခုံးထိ လမ်းသားပဲ့ကျမှုဖြစ်၍ ကတ္တရာလမ်းထိခိုက်မှုမရှိ၊ လမ်းပိတ်ဆိုမှုမရှိ၊ လူထိခိုက်မှု မရှိကြောင်းသိရပြီး ထိုလမ်းတာဘောင်ပျက်စီးမှုနေရာ၏ အောက်ဘက်တွင် နမ့်ကော်ချောင်းရှိပြီး မြေသားမတည်ငြိမ်မှုကြောင့် လမ်းသားနိမ့်ကျမှု ဖြစ်လေ့ရှိသောနေရာဖြစ်ကြောင်းသိရသည်။

အဆိုပါ လမ်းပျက်စီးသောနေရာတွင် ထပ်မံပဲ့ကျမှုမရှိစေရန် မိုးကာခင်းပြီး သဲအိပ်များဖြင့်စီ၍ ယာယီဆောင်ရွက်ထားကြောင်းသိရပြီး  ထိုနေရာတွင် မျှောတိုင်ရိုက် ကတ္တရာပေပါပုံးခွံများစီ၍ မြေထိန်းနံရံ (၃၅ပေအကျယ်×၁၂ပေအမြင့်) တည်ဆောက်ရေးလုပ်ငန်းများကိုလည်း ကျောက်မဲခရိုင်သို့ တင်ပြထားကြောင်းသိရသည်။

ဇော်(ပတ္တမြားမြေ)