ရန်ကုန် သြဂုတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးဆက်ပျံနှံ့မှုများရှိနေပြီး ပိုးတွေ့အတည်ပြုလူနာများနှင့် ပိုးတွေ့အတည်ပြု သေဆုံးလူနာများလည်း ရှိနေကြောင်းနှင့် ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ ၅၄၇ ဦးရှိပြီဖြစ်ကြောင်း ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ သိရသည်။
သန်လျင်မြို့နယ်တွင် ဇွန်လ ၁ ရက်နေ့မှ သြဂုတ် ၁၇ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း (၁၀၀၃) ဦးရှိပြီး ပိုးတွေ့အတည်ပြုလူနာ သေဆုံးသူ စုစုပေါင်း (၅၃) ဦးရှိကာ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိသူ (၅၄၇) ဦးရှိပြီဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာများအား သက်ဆိုင်ရာ ကုသရေးဌာနများနှင့် ကုသရေးစင်တာများတွင် ကျန်းမာရေးစောင့်ရှောက် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကာ ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူ အတူနေမိသားစုဝင်များအား အသွားအလာကန့်သတ်၍ မိမိတို့နေအိမ်များတွင်ထားရှိပြီး စောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
သန်လျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့နည်းလာစေရန်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းကော်မတီမှ ဦးဆောင်ကာ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက ပူးပေါင်း၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့နည်းကျဆင်းရေးအတွက် မိမိတို့နေအိမ်များတွင်သာ နေထိုင်ကြရန်နှင့် မဖြစ်မနေ နေအိမ်ပြင်ပ ထွက်ခွာသွားလာရပါက တစ်ဦးထပ်မပိုဘဲ ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်ပြီးမှ သွားလာကြရန်၊ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိပတ်ဝန်းကျင်တို့တွင် ဖျားနာသူများရှိပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်ပြသကုသရေးတို့အား ပူးပေါင်းဆောင်ရွက်သွားကြရန် သက်ဆိုင်ရာမှ တိုက်တွန်း နှိုးဆော်ထားရှိကြောင်း သိရသည်။