ဘားအံ ဩဂုတ် ၁၉
ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါ တို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ အသက်(၂)လမှ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်အမျိုး သမီးများအား ပုံမှန်ကာ ကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၁၀)နာရီ အချိန်က ဘားအံမြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ဘားအံမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေး ဌာနမှဝန်ထမ်းများကကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အသက်(၂)လမှ အသက်(၂)နှစ်အောက် ကလေးငယ်များ အားဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါဘီရောဂါနှင့် ဦးနှောက်အမြှေးရောင်ရောဂါ ၊ ငါးမျိုးစပ်ကာကွယ်ဆေး ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ၊ ပိုလီယို ၊ ပြင်းထန် အဆုပ်ရောင် ၊ ဂျပန်ဦးနှောက် ရောင် ၊ ဝက်သက် - ဂျိုက်သိုးရောဂါများကို ကာကွယ်နိုင်ရန် အတွက် ကာကွယ်ဆေးထိုးနှံခြင်း/တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ကိုယ်ဝန် ဆောင်ချိန်တွင် ကျန်မာရေးနှင့်ပတ်သက်၍ အလေးထားဆောင်ရွက်ရန်၊ ရောဂါလက္ခဏာ တစ်ခုခု ဖြစ်ပေါ်လာပါက ဆေးရုံ/ဆေးခန်းတွင် အမြန်ဆုံးသွားရောက် ပြသရန် လိုအပ်ကြောင်း အသိပညာ ပေးခြင်းနှင့် မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိ ရသည်၊၊
ဘားအံမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ကရင်ပြည်နယ်အတွင်းရှိ ကော့ကရိတ်မြို့ ၊ မြဝတီမြို့ ၊ ကြာအင်းဆိပ်ကြီးမြို့ ၊ သံတောင်ကြီးမြို့နယ် ၊ လှိုင်းဘွဲမြို့နယ် များမှ ကလေးငယ်များ နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ လာရောက်၍ ပုံမှန်ကာကွယ်ဆေးများ လာရောက်ထိုးနှံရာတွင် ကာကွယ် ဆေးများထိုးနှံပေးလျက်ရှိပြီး ဘားအံမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနအနေဖြင့် အပတ်စဉ် တနင်္လာ ၊ ဗုဒ္ဓဟူး နေ့များတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အင်္ဂါ ၊ကြာသပတေး ၊ သောကြာနေ့များတွင် ကလေး ငယ်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်း ဘားအံမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေး ဌာနမှအမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်နန်းထွေးခင်ထံမှသိရှိရသည်။