ပေါင် ဩဂုတ် ၁၉
သထုံခရိုင်၊ ပေါင်မြို့ပေါ်ရပ်ကွက်ရှိ ရန်ကုန်-မော်လမြိုင်ကာလမ်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီကျော်ခန့်က အောက်ဆီဂျင်အိုး တင်ဆောင်လာသည့် မော်တော်ယာဉ်၏ ဆီတိုင်ကီအား တစ်ဖက်ယာဉ်ကြောမှလာသော ဆိုင်ကယ်မှ ဝင်ရောက်တိုက်မိကာ မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း ပေါင်မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
“ပေါင်မြို့ပြည်သူ့ဆေးရုံမှာ အသုံးပြုဖို့အတွက် အောက်ဆီဂျင်အိုးတွေ သယ်လာတဲ့ကားရဲ့ ဆီတိုင်ကီကို ဆိုင်ကယ်က ဝင်တိုက်မိတာပါ။ ဆိုင်ကယ်ကတော့ မီးလောင်ပျက်စီးသွားတယ်။ ဆိုင်ကယ်ယာဉ်မောင်းနဲ့ နောက်ကလိုက်စီးသူ တစ်ဦးကတော့ ပေါင်ဆေးရုံကို ပို့ဆောင်ထား တယ်။ ပြည်သူတွေနဲ့ မီးသတ်တပ်ဖွဲ့က တာဝန်ရှိသူတွေ အချိန်မီ မီးငြှိမ်းသတ်နိုင်ခဲ့လို့ အောက်ဆီဂျင်အိုးတွေ သယ်လာတဲ့ကားက ဆီတိုင်ကီ၊ အမိုးတွေနဲ့ တာယာတွေပဲ မီးလောင် ပျက်စီးသွားတယ်။ ယာဉ်ပေါ်ပါသူကတော့ ထိခိုက်မှုမရှိပါဘူး။ ကျွန်တော်တို့ဆီက လက်ထောက် မီးသတ်ဦးစီးမှူးတစ်ဦးက ဆီတိုင်ကီအိုးမှာ ဆီကျန်ရှိ/မရှိ စစ်ဆေးရာမှာ ထိခိုက်ဒဏ်ရာ အနည်းငယ် ရသွားတယ်” ဟု ပေါင်မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြတ်ကိုကိုက ပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့ မွန်းလွဲပိုင်းက ကဒုံစီးရပ်ကွက် မင်းလမ်းမဘေး ရန်ကုန်-မော်လမြိုင်ကာ လမ်းမ မိုင်တိုင်အမှတ် ၁၇၃/၂ နှင့် ၁၇၃/၃ ကြားတွင် ပေါင်မြို့နယ်ဘက်မှ မော်လမြိုင်ဘက်သို့ မောင်းနှင်လာသော WAVE 110 ဆိုင်ကယ်သည် မော်လမြိုင်မြို့ဘက်မှ ပေါင်မြို့ ပြည်သူ့ဆေးရုံသို့ မောင်းနှင်လာသော အောက်ဆီဂျင်အိုး (၄၀)လီတာ (၉)လုံး တင်ဆောင်လာသည့် VONGO မော်တော်ယာဉ်၏ ဆီတိုင်ကီဘေးအား အရှိန်ဖြင့် ဝင်တိုက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။
အဆိုပါမီးလောင်ရာသို့ တာဝန်သိပြည်သူတစ်ဦးမှ သတင်းပေးပို့ချက်အရ ပေါင်မြို့နယ် မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ၁၀ မိနစ် အတွင်း မီးငြှိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုကြောင့် WAVE 110 ဆိုင်ကယ်(၁)စီး ၊ VONGO မော်တော်ယာဉ် ၏ ကားဘီး(၄)ဘီး၊ အမိုးနှင့် ကားအောက်ပိုင်းအနည်းငယ် ပျက်စီးဆုံးရှုံးခဲ့ကြောင်း နှင့်ယာဉ်မောင်းအား ပေါင်မြို့ နယ်ရဲ စခန်းမှ အမှုဖွင့်ထားကြောင်း သိရသည်။
ဝဏ္ဏမောင်