ရွှေကူ သြဂုတ် ၁၈
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့ မြို့တော်ခန်းမတွင် တတိယအသုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်အနေဖြင့် ယနေ့နံနက်ပိုင်း ၉ နာရီအချိန်မှစတင်၍ကာကွယ်ဆေးထိုးပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ တတိယအသုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံခြင်းအား မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ ဗိုလ်မှူး ကျော်မိုးသွင် နှင့်အဖွဲ့ဝင်များမှ စီမံကြီးကြပ်ဆောင်ရွက်မှုဖြင့် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဆရာဝန်ကြီး ဒေါက်တာစိုင်းထွန်း နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့များ၊ ပရဟိတအဖွဲ့များက ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရေး ပူးပေါင်းဆောင်ရွက် ထိုးနှံပေးလျက်ရှိ ကြောင်း သိရှိရသည်။
ကာကွယ်ဆေးထိုးနှံခြင်းကို ဇူလိုင်လ ၃၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ တစ်ကြိမ်၊ ဒုတိယအသုတ်အဖြစ် သြဂုတ်လ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ တစ်ကြိမ် တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစားကာကွယ်ဆေး (၈၀၀)လုံးအား ဆေးတစ်လုံးလျှင် နှစ်ဦးနှုန်းဖြင့် ရွှေကူမြို့နယ်အတွင်းမှ လူဦးရေ (၁၅၉၉) ဦးအား ထိုးနှံပေးခဲ့နိုင်ပြီး ယခုအကြိမ်တွင်လည်း Sinopharm အမျိုးအစားကာကွယ်ဆေးအလုံးရေ (၄၀၀) အားဦးစားပေးအုပ်စုအလိုက် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကာကွယ်ဆေးထိုးနှံပေးခဲ့သည့် အမျိုးအစားများမှာ အသက်(၆၅)နှစ်အထက်သက်ကြီး ရွယ်အို များ၊ အစိုးရ /ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ Volinteer/ ပရဟိတအဖွဲ့များ၊ ဘိုးဘွား ရိပ်သာ၊ ဘုန်းကြီး/သီလရှင်/ဘာသာရေးကျောင်း၊ နိုင်ငံဝန်ထမ်း၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း၊ ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံဝန်ထမ်းများ၊ ဟော်တယ်/မိုတယ်တည်းခိုခန်းမှ ဝန်ထမ်းများ၊ အကျဉ်းအချုပ်သား များ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းမှဝန်ထမ်းများ၊ Super matket/ ဈေးရောင်း ဈေးဝယ်သူများ စသည်ဖြင့် အုပ်စုအလိုက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။