ကလေး ဩဂုတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကျောက်ဂူဆရာတော်ကြီး၏ တပည့်ဒါယိကာ၊ ဒါယိကာများဖြစ်သည့် ဦခွန်ဆန်းဦးဆောင်သော ပအိုဝ့်တိုင်းရင်းသားများမှ ထောက်ပံ့ပေးအပ် လှူဒါန်းသော စားသောက်ကုန်နှင့် ကုန်စိမ်းများ ကုန်ချိန်(၃၀၀၀၀)ကျော်အား ဘုန်းတော်ကြီး ကျောင်းများ၊ သီလရှင်ကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်(၂၀)အား ကလေးမြို့ လူမှုကူညီရေး အသင်းအဖွဲ့များမှတစ်ဆင့် ယနေ့နံနက်ပိုင်းက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း နောင်တရားမြို့မှ ခရမ်ချဉ်သီး၊ အာလူး၊ ကော်ဖီထုပ်၊ လက်ဖက်ခြောက်ထုပ်နှင့် ဂျင်း အစရှိသော စားသောက်ကုန်နှင့် ကုန်စိမ်း ကုန်ချိန်(၃၀၀၀၀) ကျော်အား (၁၂)ဘီးကား (၃)စီးဖြင့် ဩဂုတ် (၁၅) နေ့မှစတင်သယ်ယူခဲ့ပြီး ကလေးမြို့သို့ ဩဂုတ် (၁၇) ရက်နေ့နံနက်ပိုင်းတွင် ရောက်ရှိလာခဲ့ရာ ရွှေသူငယ်ချင်းများနှင့် kalay Volunteer အဖွဲ့က လက်ခံရယူပြီး ဘုန်းတော်ကြီး ကျောင်းများ၊ သီလရှင်ကျောင်းများနှင့် မြို့ပေါ် ရပ်ကွက်(၂၀)ရှိ စားသောက်ရေးခက်ခဲလျှက်ရှိသော မိသားစုများထံ လူမှုကူညီရေး အသင်းအဖွဲ့များမှတစ်ဆင့် ဝေငှပေးခဲ့ကြောင်း သိရသည်။
ကလေးဒေသခံစေတနာရှင်များမှလည်း ဩဂုတ်လ ဒုတိယပတ်အတွင်း နောင်တရားမြို့အတွက် လိုအပ်လျက်ရှိသောအိန္ဒိယနိုင်ငံမှ ထုတ်လုပ်သောဆေးဝါးများ ကူညီထောက်ပံ့ခဲ့ပြီး နောင်တရားမြို့မှ ပေးပို့ထောက်ပံ့သောစားသောက်ကုန်နှင့် ကုန်စိမ်းများမှာ ခရမ်းချဉ်သီး ပိဿာချိန်(၂၀၀၀၀)၊ ဂေါ်ဖီထုပ်ပိဿာချိန်(၁၀၀၀၀)၊ ဂျင်းပိဿာချိန်(၂၆၀)၊ အာလူးပိဿာချိန် (၁၀၀)နှင့် လက်ဖက်ခြောက် ပိဿာချိန် (၁၀၀) စသည့် စုစုပေါင်း တန်ချိန်(၃၀၀၀၀) တို့အား ပေးပို့ထောက်ပံ့ လူမှုကူညီရေး အသင်းအဖွဲ့များထံမှ ပေးခဲ့ကြောင်း သိရသည်။
မောင်ကျော်(ကလေးခရိုင်ပြန်/ဆက်)