ပုံပါကျင်မြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပုံပါကျင် ဩဂုတ် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ပုံပါကျင်မြို့ အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်ဆမ်က ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် တိကျမှန်ကန်မှုရှိစေရေးအတွက် အချက်အလက်များ ကောက်ခံရာတွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများက စနစ်တကျ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးနိုင်ရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းများဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပုံပါကျင်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုလဝကမှူး ဦးကျော်စွာဝင်းက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ပြုလုပ်ပေးနိုင်ရေးအတွက် ဖြည့်စွက်ရမည့်ပုံစံများနှင့် ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသည့်  ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေး စာရေးတို့က သိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူတို့က ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

သန္တာ(ပုံပါကျင်)