ကြံခင်းမြို့နယ်အတွင်းရှိ ဆေးဝါးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား ဈေးနှုန်းမှန်ကန်မှု ရှိစေရေး၊ ဆေးဝါးပြတ်လပ်မှုမရှိစေရန် ကွင်းဆင်းစစ်ဆေး

ကြံခင်း ဩဂုတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး  ဟင်္သာတခရိုင် ကြံခင်းမြို့နယ်အတွင်းရှိ ဆေးဝါးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား ဈေးနှုန်းမှန်ကန်မှုရှိစေရေး၊ ဆေးဝါးပြတ်လပ်မှုမရှိစေရန် ရည်ရွယ်ပြီး ယနေ့နံနက်(၉)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့စစ်ဆေးခြင်းသည် ကူးစက်မြန်ကိုဗစ်-၁၉ရောဂါ(တတိယလှိုင်း) ဖြစ်ပွားနေအချိန် ကာလတွင် ဈေးကွက်အတွင်း ကာကွယ်ကုသရေးဆေးဝါး၊ ဆေးပစ္စည်းများနှင့် အထောက်အကူပြု ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်ချခြင်း ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ တရားမဝင် ကုန်ပစ္စည်းများ အတုအပနှင့် အရည်အသွေးနိမ့် ပစ္စည်းများ၊ ရောင်းချခြင်းများ မရှိစေရန်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့၏မူဝါဒ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆေးခြင်းကို မြို့နယ်ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့ဝင်များဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး ကုန်သည်/စက်မှုအသင်းမှ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးမှူး ဦးကျော်မျိုးခိုင်၊ မြို့နယ်စည်ပင်သာယာရေးဦးစီးမှူး ဒေါ်ကေသီမြင့်၊ မြို့နယ်စာသုံးသူရေးရာ ဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)