ကလေးမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန်ကျန်ရှိသူများကို ဆက်လက်ထိုးနှံပေး

 

ကလေး၊ ဩဂုတ်-၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များ၊  အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံဝန်ထမ်းများ၊ ဈေးသူဈေးသားများ၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့ဝင်များအား ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စုပေါင်းရုံး (OSS)တွင် (၂)နေရာ၊ မြို့တော်ခန်းမနှင့် အခြေခံပညာအထက်တန်းကျောင်း အမှတ်(၂)တို့တွင် ခရိုင်ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးမှာ တရုတ်နိုင်ငံထုတ် (Sinopharn)ဖြစ်ပြီး ကလေးမြို့နယ်အတွက် ဆေးအလုံးရေ ( ၃၀၀၀ ) ရရှိခဲ့ရာ ဆေးတစ်လုံးလျှင် လူနှစ်ဦးနှုန်းဖြင့် လူဦးရေ (၆၀၀၀)ကို ဦးစားပေးအစီအစဉ်ဖြင့် သတ်မှတ်စုရပ်နေရာများတွင် ဩဂုတ်၁၆ရက်နေ့မှ ယနေ့အထိ ဆက်လက်ထိုးနှံပေးလျှက်ရှိကြောင်း  ကိုဗစ်-၁၉ရောဂါ တိုက်ဖျက်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာ စုရပ်နေရာအသီးသီးသို့ ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ဆေးထိုးရန်လာရောက်သူများကို စာရင်းသွင်းမှတ်တမ်းယူခြင်း၊ အပူချိန်တိုင်းပေးခြင်း၊  သွေးပေါင်ချိန်တိုင်းပေးခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင် စနစ်တကျနေရာယူစေခြင်းများနှင့် လိုအပ်သည်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊   ကိုဗစ်-၁၉ရောဂါတိုက်ဖျက်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ၊ လူမှုကူညီရေး ပရဟိတအသင်းတို့ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မောင်ကျော်(ကလေးခရိုင်ပြန်/ဆက်)