ရွှေပြည်သာ သြဂုတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ဦးစားပေးအလွှာများအလိုက် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်၉နာရီမှ စတင်၍ စက်မှုဇုံ၊ ကွပ်ကဲရေးရုံး ကနောင်ခန်းမတွင် စက်ရုံဝန်ထမ်းများကိုလည်းကောင်း၊ သာသနာ့ ဗိမာန်တော် ကြီးတွင် မွန်းတည့် ၁၂ နာရီမှစတင်၍ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး လုပ်ငန်းများမှ ဝန်ထမ်းများကိုလည်းကောင်း အသီးသီး စုရပ်များခွဲ၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်မြတ်နှင်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦး၏ လမ်းညွှန်မှုဖြင့်မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များပူးပေါင်း၍ အဝင်ဝတွင် လက်သန့် ဆေးရည်များ ဖျန်းပေးခြင်း၊ကာကွယ်ဆေးထိုးနှံမည့် အမှတ်စဉ်နှင့် ဖောင်ပုံစံများပေးဝေခြင်း၊ သတ်မှတ်နေရာများတွင် ထိုင်စေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာခြင်း၊သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာစစ်ဆေး ပေးခြင်း၊ စာရင်းမှတ်တမ်း ပေးသွင်းစေခြင်းတို့ကို ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးခဲ့ပြီး ကာကွယ်ဆေးထိုးပြီးသူများကို ကျန်းမာဝန်ထမ်းများက မိနစ် ၃၀နားနေစေခြင်း၊ ဆေးမထိုးရသူများကိုလည်း လာရောက်ထိုးနှံကြရန်၊ ဆေးထိုးပြီးသည့်နေရာအား မည်သည့်အမွေးနံ့သာရည်မျှ လိမ်းကျံခြင်းမပြုရန်၊ပုံမှန်အတိုင်း နေထိုင်စားသောက်ရန်၊ အပြင်သို့ ထွက်ခွာရန်ရှိပါကပါးစပ်၊နှာခေါင်းစည်း ဝတ်ဆင်ပြီးမှ ထွက်ခွာရန်၊ လက်ကိုမကြာခဏ ဆေးကြောကြရန်၊ သွေးတိုး၊ဆီးချိုရှိသူများ လာရောက် ဆေးထိုးနှံကြရန်၊ ကိုဗစ်ရောဂါ ဖြစ်ပွားပြီးသူများ (၄၅) ရက်ရှိမှသာ ဆေးထိုးနှံကြရန်၊ ဆေးထိုးပြီး (၃)ရက်အတွင်း အရက်၊ဘီယာ ရှောင်ကျဉ်ကြရန် စသည့် ဗဟုသုတများ မျှဝေပေးခဲ့ကြသည်။
ရွှေပြည်သာမြို့နယ်တွင် သြဂုတ်လ (၁၆)ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူ အသက် ၆၅ နှစ်နှင့်အထက် ဘိုးဘွား (၃၁၇၆)ဦး၊ ကျန်းမာရေးဝန်ထမ်း(၆၂)ဦး၊Volunteer (၆၂၉)ဦး၊သံဃာ တော်၊သီလရှင်(၇၀၈)ပါး၊ဘိုးဘွားရိပ်သာ(၇)ဦး၊အချုပ်သား(၂၁)ဦး၊နိုင်ငံ့ဝန်ထမ်း (၆၀၇)ဦး၊ နိုင်ငံ့ဝန်ထမ်းမိသားစု(၄၃၇)ဦး၊ပုဂ္ဂလိက ဘဏ်ဝန်ထမ်း(၈၆)ဦး၊ စုစုပေါင်း(၅၇၃၃)ဦးရှိပြီး ဆေးထိုးရန် ကျန်ရှိနေသူများ ကိုလည်း ဦးစားအဆင့်အလိုက် ဆက်လက်ထိုးနှံသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိသည်။
အေးမိုး