ကျောက်ပန်းတောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာ (၁၆)ရွာအား ကျေးရွာမတည်ရန်ပုံငွေ(VRFP) အစီအစဉ်ဖြင့် ဒုတိယအကြိမ် ငွေကျပ်သိန်း(၃၉၀၀) ထုတ်ချေးပြီးစီး

ကျောက်ပန်းတောင်း   ဩဂုတ်   ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာ (၁၆)ရွာအား  ဒုတိယအကြိမ် ကျေးရွာမတည်ရန်ပုံငွေထုတ်ချေးခြင်း လုပ်ငန်းများကို ယနေ့ ဩဂုတ်လ(၁၇) ရက် နံနက်(၉)နာရီက ဇလင်းတောင်ကျေးရွာနှင့် နံနက် (၁၁)နာရီတွင် ဘဲများကျေးရွာများသို့ ရောက်ရှိ ထုတ်ချေးခဲ့ကြကြောင်း သိရသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) အစီအစဉ်ဖြင့် စတင်ဆောင်ရွက်ခဲ့သည့်  ကျေးရွာ (၁၆)ရွာအား ချေးငွေများ ထုတ်ချေးပေးခဲ့ရာ၊ ချေးငွေကာလ သက်တမ်း(၁)နှစ်ပြည့်ပြီးဖြစ်သဖြင့် အရင်းငွေ ပြန်လည်ကောက်ခံခြင်းနှင့် ချေးငွေပြန်လည်ထုတ်ချေးခြင်းများကို၊ မြို့နယ်ဦးစီးမှူး  ဦးဇော်မင်းထွန်းနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ စီမံကိန်းဝင်ကျေးရွာများသို့ ၂၀၂၁ခုနှစ်၊ ဩဂုတ်လ(၆)ရက်နေ့မှ စတင်၍ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။ အဆိုပါ စီမံကိန်းဝင်ကျေးရွာများမှာ ချောင်းဖျားကျေးရွာ၊ စီပင်ကျေးရွာ၊ လေးပင်(တောင်)ကျေးရာ၊ ပေါက်စံကျေးရွာ၊ လေးပင် (မြောက်) ကျေးရွာ၊ ကြက်ပစ်ကျေးရွာ၊ ကြီးကန်ကျေးရွာ၊ မုံကမ်းကျေးရွာ၊ နဘဲတန်းကျေးရွာ၊ ဆပ်ပြာကျင်းကျေးရွာ၊ ရွှေစည်တိုင်ကျေးရွာ၊ မင်းခေါင်း(တောင်)ကျေးရွာ၊ ဆူးဖြူကုန်းကျေးရွာ၊ ပွဲခင်း(အလယ်)ကျေးရွာ၊ ဇလင်း တောင်ကျေးရွာနှင့် ဘဲများကျေးရွာများဖြစ်ပြီး၊ ၎င်းကျေးရွာများမှ စိုက်ပျိုးရေးလုပ်ကိုင်သူ အိမ်ထောင်စု(၁၁၆၂)စု၊ မွေးမြူရေးလုပ်ကိုင်သူ အိမ်ထောင်စု(၄၃၆)စု၊ ရေလုပ်ငန်းလုပ်ကိုင်သူ အိမ်ထောင်စု(၁)စု၊အရောင်းအဝယ်လုပ်ကိုင်သူ အိမ်ထောင်စု(၂၀၃)စုနှင့်  သက်မွေးဝမ်းကျောင်း လုပ်ကိုင်သူ အိမ်ထောင်စု(၅)စု၊  စုစုပေါင်း အိမ်ထောင်စု(၁၈၀၇)စုအား မတည်ရန်ပုံငွေအဖြစ် ဒုတိယအကြိမ် ငွေကျပ်သိန်း(၃၉၀၀) ထုတ်ချေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်း ထံမှသိရှိရပါသည်။

နေအောင်(ပြန်/ဆက်)