ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် မိုးစပါးသီးနှံများ သတ်မှတ် လျာထားဧက ပြည့်မီရေး ကြိုးပမ်းစိုက်ပျိုးလျက်ရှိ

ပွင့်ဖြူ ဩဂုတ် ၁၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် မိုးစပါးသီးနှံ စိုက်ပျိုးခြင်းအား သတ်မှတ်လျာထားဧက ပြည့်မီရေးအတွက် ကြိုးပမ်းစိုက်ပျိုးလုပ်ကိုင်နေကြကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့်ထံက သိရသည်။

ပွင့်ဖြူမြို့နယ်သည် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၅)မြို့နယ်တွင် နှစ်စဉ် စပါးသီးနှံစိုက်ပျိုးမှု အများဆုံးဖြစ်သည့် မြို့နယ်တစ်ခုဖြစ်ကာ ဒေသခံပြည်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် (နွေ ၊ မိုး ၊ ဆောင်း ) သုံးရာသီ သီးနှံစိုက်ပျိုး ရေးလုပ်ငန်းကို အဓိကအားထား စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

သီးနှံများစိုက်ပျိုးရာတွင် တောင်သူများ စိုက်ပျိုးရေ အခက်အခဲမဖြစ်စေရေးအတွက် မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှ တစ်ဆင့် ရာသီအလိုက် စိုက်ပျိုးရေအား စနစ်တကျ ဖြန့်ဝေပေးသည့်အတွက် တောင်သူများအနေဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်ကဏ္ဍ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ယခုနှစ်တွင်လည်း မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက  မိုးသီးနှံစိုက်ပျိုးရာသီတွင် သတ်မှတ်လျာထားဧက ပြည့်မီရေးအတွက် ကောက်စိုက်စက်များ အသုံးပြု၍လည်းကောင်း၊ ကောက်စိုက်အလုပ်သမားများ ငှားရမ်း၍ လည်းကောင်း အားသွန်ခွန်စိုက် ကြိုးပမ်းစိုက်ပျိုး ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများကလည်း သီးနှံအထွက်နှုန်းတိုးပွားရေးအတွက် လိုအပ်သော စိုက်ပျိုးရေးနည်းစနစ်များနှင့် သွင်းအားစုပစ္စည်းများ ထောက်ပံ့ကူညီပေးခြင်း၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရန်နည်းလမ်းများအား အသိပညာပေးခြင်းများကို မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးလှိုင်မြင့်၏ အနီးကပ်ကြီးကြပ်မှုဖြင့် နယ်မြေကွင်းဆင်းပြီး ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။ 

ပွင့်ဖြူမြို့နယ်တွင် ယခု ၂၀၂၁ - ၂၀၂၂ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေကို အမှီပြု၍ မိုးစပါးသီးနှံဧက ၆၈၇၈၃ ဧက၊ ဖူးစားပြောင်း ၉၀၀ ဧက၊ နှံစားပြောင်း ၁၆၆ ဧက၊ ပဲတီစိမ်း ၂၉၇၇ ဧက၊ ပဲစင်းငုံ ၆၁၁ ဧက၊ ပဲကြီး ၁၆၄၆ ဧက၊ အခြားပဲသီးနှံ ၆၇၁ ဧက၊ ဆီထွက်သီးနှံစိုက်ပျိုးမှုအနေဖြင့် မြေပဲ ၄၂၉ ဧက၊ နှမ်း ၂၄၄၈ ဧက၊ နေကြာ ၁၅၈ ဧက၊ ဝါသီးနှံ ၁၄၅၈ ဧက၊ ကြံသီးနှံ ၈ ဧက၊ ထန်း ၂၂၂ ဧက၊ ကွမ်း ၅၂ ဧက၊ ငရုတ် ၅၆၄ ဧက၊ အုန်း ၁၇၀ ဧက၊ ငှက်ပျော ၁၀၂၀ ဧက၊ သစ်သီးပင် ၁၃၄၃ ဧက၊ ဟင်းသီးဟင်းရွက် ၁၃၁၀ ဧက၊ ပရဆေးစိုက်ပျိုးဧက ၂၅၇ ဧက၊ ကျွဲနွားတိရစ္ဆာန် အစာ ၄၃၈၁ ဧက၊ ဥယျာဉ်ခြံစိုက်ပျိုးမှု ၈၂၃ ဧက၊ အခြား စားပင်သီးနှံ ၅၉၀ ဧက၊ စုစုပေါင်း မိုးသီးနှံစိုက်ပျိုးဧက ၉၀၉၈၇ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနရုံးမှ သိရသည်။  

ရဲဝင်းနိုင်