ဆားလင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinophram) ဆက်လက်ထိုးနှံပေးလျက်ရှိ

ဆားလင်းကြီး ဩဂုတ် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ကာကွယ်ဆေး(Sinophram)ထိုးနှံပေးခြင်းကို ဩဂုတ်(၁၄)ရက်နေ့မှစတင်၍ ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား သတ်မှတ်စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ စတုတ္ထနေ့အဖြစ် ယနေ့နက် ၉ နာရီ အချိန်က စတင်ကာ Super Market နှင့်စျေးများမှ ပြည်သူများအား ကာကွယ်ဆေးဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinophram) ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ထိုးနှံပေးလျက်ရှိပြီး တတိယအသုတ်တွင် ဆားလင်းကြီး မြို့နယ်အတွက် ဆေးအလုံးရေ (၆၀၀)ရရှိသဖြင့် ဆေးတစ်လုံးလျှင် လူ(၂)ဦးနှုန်းထိုးနိုင်သောကြောင့် လူဦးရေ (၁၂၀၀)ဦးအား ထိုးနှံပေးနိုင်မည်ဖြစ်ရာ ပထမနေ့တွင် (၆၂၂)ဦး၊ ဒုတိယနေ့တွင် (၂၄၂ )ဦး၊ တတိယနေ့တွင်(၂၆၆)ဦး စုစုပေါင်း (၁၁၃၀)ဦး လာရောက်ထိုးနှံပြီးဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ ဆားလင်းကြီးမြို့နယ်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထပ်မံ ရောက်ရှိလာပါက ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသော ပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဦးစားပေးအစီအစဉ်အတိုင်း ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။