မြို့သစ် သြဂုတ် ၁၇
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလ ဈေးကွက်အတွင်း ကူးစက်ရောဂါကာကွယ်၊ ကုသရေး ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ အထောက်အကူပြု ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချနိုင်ရေးအတွက် ဆေးဝါးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များကို ယနေ့ နံနက် ၉ နာရီက ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေး ဆောင်ရွက်ရာတွင် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ ဝင်များ၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့် တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များရှိ ဆေးဝါးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များအနေဖြင့် ဆေးဝါးများ ရောင်းချရာတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချရေး ၊ ဈေးကွက်အတွင်း ဆေးဝါး ၊ ဆေးပစ္စည်းနှင့် အထောက်အကူပြုပစ္စည်းများ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာ နေ့စဉ်ပုံမှန်ဖွင့်လှစ် ရောင်းချနိုင်ရေးတို့အတွက် စစ်ဆေးကြပ်မတ် ဆောင်ရွက်ပေးခဲ့သည်။
မြို့သစ်မြို့တွင် ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင် (၇)ဆိုင်ရှိပြီး ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများအနေဖြင့် ဆေးဝါးများနှင့် အထောက်အကူပြုပစ္စည်းများအား ဝယ်ယူသုံးစွဲရာတွင် အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းမှန်ကန်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးနှင့် ဆေးဝါးများ ပြတ်လပ်မှု မရှိစေရေးအတွက် မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့မှ ကြီးကြပ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းဝင်းထွန်း