ရန်ကင်းမြို့နယ်တွင် အသက် ၆ လမှ ငါးနှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး

ရန်ကုန် ဩဂုတ် ၁၂

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များအား နှစ်စဉ်နှစ်တိုင်း ပုံမှန် ကာကွယ်ဆေး တိုက်ကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ  ရန်ကင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ အသက် ၆ လ မှ အသက်ငါးနှစ်အောက် ကလေးငယ် များအား ပုံမှန် ကာကွယ်ဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် ၈ နာရီက ရန်ကင်း မြို့နယ် အမှတ်(၁)ရပ်ကွက် နှင့် (၁၃)ရပ်ကွက်အတွင်း ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင် များက ပူးပေါင်း၍ ပုံမှန်ဆေးထိုး၊ ဆေးတိုက်ခြင်းများအပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကာကွယ်ဆေး လာရောက်ထိုးနှံသူ မိဘများနှင့် ကလေးငယ် များကို Mask များတပ်ဆင်လာစေရေး၊ စုရပ်အတွင်း Social Distancing ဖြင့် လူစုလူဝေး မဖြစ်ပေါ်စေရေးတို့ကိုပါ စီမံ ဆောင်ရွက်ပေးခဲ့ကြသည်။

ကာကွယ်ဆေးထိုးရာတွင် မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား အသက် အရွယ်အလိုက် လစဉ် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက် အမှေးရောင်၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန် အဆုပ်ရောင်(ပီစီဗွီ)၊ ဝက်သက်၊ ဂျိုက်သိုး ရောဂါကာကွယ်ဆေး (၉)မျိုး ကို ထိုးနှံပေးခြင်း၊ ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

လင်းလင်းထွန်း(ပြန်/ဆက်)