တံတားဦး မေ ၂၆
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြန်/ဆက်ဦးစီးဌာန Community Centre ခန်းမတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ( Talk Show ) ကျင်းပ ကြောင်းသိရသည် ။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘိုမောင်က နွေရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ကို ဂရုစိုက်ကြရန် ၊ အိမ်တိုင်း အိမ်တိုင်းတွင် မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများ ပြည့်စုံစွာထားရှိကြရန် မီးကို စနစ်တကျအသုံးပြုကြရန်လိုကြောင်းနှင့် ဆွေးနွေးပွဲ( Talk Show ) ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမျိုးဝင်းသူက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပြည်သူများအနေဖြင့် မိမိတို့နေအိမ် ခြံဝန်းကို အမြဲမပြတ်သန့်ရှင်းရေးပြုလုပ်သင့်ပါကြောင်း ၊ မီးလောင်လွယ်သော အရာများကို သေချာစွာသိမ်းဆည်းပြီး အသုံးပြုမှုမရှိသောပစ္စည်းများကို စနစ်တကျစွန့်ပစ်ကြစေလိုကြောင်း ဒါ့အပြင် ထင်းမီးဖိုများ အသုံးပြုလျှင် လုံခြုံစွာကာရန်ပြီး မြေကျင်းတူး၍ ချက်ပြုတ် အသုံးပြုကြရန်လိုကြောင်း ၊ လျှပ်စစ်မီးမှလည်း မီးလောင်ကျွမ်းနိုင်ပါကြောင်း ၊ မီးလောင် ကျွမ်းမှုမဖြစ်ပွားစေရန်အတွက် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကြိုတင် ဆောင်ရွက်ထားသင့်ကြောင်းနှင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားလာပါက သက်ဆိုင်ရာမီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ် အကြောင်းကြားပြီး ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည် ။
တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးသတ်တပ်ဖွဲ့၏ အဓိကတာဝန်ဖြစ်သော မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့ အကျိုးပြု လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး တံတားဦးမြို့နယ်တွင် ၂၀၂၀-ပြည့်နှစ်၌ မီးလောင်ကျွမ်းမှု (၅)ကြိမ် ဖြစ်ပွားခဲ့ရာ ဆုံးရှုံးမှုတန်ဖိုးအားဖြင့် ငွေကျပ်( ၃၃၂၅၀၀ ) ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာမှ သိရသည်။
ရဲတင့်(တံတားဦး-ပြန်/ဆက်)