ကျောက်ဆည် မေ ၂၆
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့တွင် သံပယိုသီးများ အရောင်းအဝယ်ကောင်းသဖြင့် သံပယိုစိုက်ပျိုး ရောင်းချသူများ စီးပွားရေး အဆင်ပြေလျက် ရှိကြောင်း သံပယိုစိုက်ပျိုးရောင်းချသူများထံမှ သိရှိရသည်။ သံပယိုပင်သည် နှစ်ရှည်အပင် မျိုးဖြစ်ပြီး အစိုဓာတ် ထိန်းသည့်နှုန်းမြေ များတွင် ကောင်းစွာဖြစ်ထွန်းကြောင်း သိရှိရသည်။ သံပယိုပင်သည် အပင်အပြုအစု ကောင်းပါက နှစ်ပတ်လည်နီးပါး အသီးသီးပြီး ခူးဆွတ်ရောင်းချရာတွင် ရက်ခြားခူးဆွတ်ရောင်းချရသောကြောင့် နေ့စဉ်ဝင်ငွေ ရရှိသော အပင်အမျိုးအစားဖြစ်ကြောင်း “အခုချိန်မှာ ရာသီဉတုကပူတော့ အအေးမျိုးစုံရောင်းချတဲ့ဆိုင်တွေက အခင်းထဲအထိ လာရောက်ပြီး ဝယ်ယူတာတွေရှိကြောင်း ကိုယ်တိုင်လည်း ဈေးမှာ နေ့စဉ်သွားရောက်ရောင်းချကြောင်း ရောင်းဈေး နေကတော့ အသီးအပေါ် မူတည်ပြီး (၁၀၀/၁၅၀)ကျပ် ဈေးအမျိုးမျိုးရောင်းချရကြောင်း“ တံတားလည်ကျေးရွာမှ သံပယိုစိုက်ပျိုး ရောင်းချ သူကိုတာက ပြောပြသည်။ သံပယိုပင် စိုက်ပျိုးမည်ဆိုပါက မြေအမျိုးအစားပေါ်မူတည်ပြီး အပင်ကိုင်းဖျာထွက်မှု၊ နေရောင်ခြည် ရရှိမှု ကြောင့် တစ်ပင်နှင့်တစ်ပင် (၅)ပေမှ (၈)ပေ အထိ ခြား၍စိုက်ပျိုးရကြောင်း စိုက်ပျိုးပြီးပါက အပင်ကြီး ထွားမှုနှင့် အသီးသီး နှုန်း ကောင်းစေရန်အတွက် ပေါင်းမြက်နှင့်ကိုင်းအပိုများကို ရှင်းပေးရကြောင်း လိုအပ်ပါက ဆေးဖျန်းခြင်း၊ အာမို မြေဩဇာ ကျွေးပြီး ရေတင်ပေးရကြောင်း စိုက်ပျိုးရာတွင် အပင်စိုက်နှင့်ကိုင်းကူးစိုက် ဟူ၍ (၂)မျိုးရှိကြောင်း ကိုင်းကူး စိုက်ပျိုးပါက (၈)လအရွယ်တွင် အပွင့်များစတင်ပွင့်ပြီး(၁)နှစ် အကြာတွင် အသီးများ စတင်ခူးဆွတ်ရောင်းချရကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)