မိတ္ထီလာ မေ ၂၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့ရှိ တန်ခိုးကြီးဘုရားများတွင် ယမန်နေ့ (ကဆုန်လပြည့်) ညနေပိုင်းအချိန်က ဘုရားဖူးသူများ၊ ညောင်ရေသွန်းပူဇော်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
ယမန်နေ့ ညနေ ၄ နာရီအချိန်ကစတင်ပြီး မိတ္ထီလာမြို့ရှိ တန်ခိုးကြီးဘုရားများဖြစ်သော နဂါးရုံမဟာဗောဓိ စေတီတော်၊ မိုးကောင်းအန္တကူရေလည်ဘုရား၊ ဇေယျာမုနိကျောက်တော်ကြီးဘုရား၊ ဓမ္မသုခရွှေစည်းခုံ စေတီတော်တို့တွင် ဘုရားဖူးလာသူ၊ ညောင်ရေသွန်း ပူဇော်သူပြည်သူများနှင့် စည်ကားခဲ့ကြောင်း သိရသည်။
‘‘ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့လို နေ့ထူးနေ့မြတ်ဖြစ်တာမို့ ဘုရားလည်းဖူးရင်း ညောင်ရေလည်းသွန်းရင်း မိသားစုလိုက်လာကြတာပါ။ ခါတိုင်းနေ့တွေမှာ မြို့ပေါ်ကဘုရားတွေ ဘုရားဖူးဧည့်သည်နည်းပြီး ဒီနေ့မှာ ကျွန်တော်တို့ မိသားစုလို အခြားသူတွေလည်း စည်စည်ကားကားနဲ့ ဘုရားလည်းဖူးရင်း ညောင်ရေလည်း သွန်းရင်း လာကြတာကို မြင်တွေ့ရလို့ ကြည်နူး ဝမ်းသာဖြစ်မိပါတယ်’’ဟု ရွှေမြင်တင်စေတီတော်သို့ မိသားစုဖြင့် ဘုရားလာဖူးသူ အောင်ဆန်းရပ်ကွက်မှ ကိုကျော်ထွန်းလူ က ပြောသည်။
မိတ္ထီလာမြို့ပေါ်ရှိ တန်ခိုးကြီးဘုရားများဖြစ်သော ရွှေမြင်တင်စေတီတော်၊ နဂါးရုံမဟာဗောဓိစေတီတော်၊ ဖောင်တော်ဦးဘုရား၊ မိုးကောင်းအန္တကူရေလည်စေတီတော်၊ ဓမ္မသုခရွှေစည်းခုံစေတီတော်၊ ဇေယျာမုနိ ကျောက်တော်ကြီး ဘုရားများတွင် ဘုရားဖူးခြင်း၊ ညောင်ရေသွန်းပူဇော်ခြင်းများကို ဒေသခံဘုရားဖူး ဧည့်သည်များက ပြုလုပ်ကုသိုလ် ယူခဲ့ကြောင်း သိရသည်။
ချမ်းသာ