လားရှိုးခရိုင်အတွင်းရှိ မြို့နယ်များအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

လားရှိုး          မေ   ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက် ၉ နာရီက ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲတွင် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိုင်ငံတော်၏ ပန်းခင်းစီမံချက်ချမှတ်ပြီး နိုင်ငံရေးစိစစ်ရေးကတ်ပြားများ ရရှိနိုင်ရေး ဆောင်ရွက်ပေးနေကြောင်း၊ မကြာမီကာလတွင်နိုင်ငံတော်၏ လမ်းညွှန်ချက်နှင့်အညီ လွတ်လပ်ပြီးတရားမျှတသည့် ပါလီမန်ဒီမိုကရေစီရွေးကောက်ပွဲများပြန်လည်ကျင်းပမည်ဖြစ်၍ သတ်မှတ်သည့် နိုင်ငံရေးစိစစ်ကတ်ပြားများရရှိမှာသာ မဲကို ထည့်ခွင့်ရမှာဖြစ်ကြောင်းနှင့် စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကက်ပြားများကို ဆောင်ရွက်ပေးနေပါကြောင်း၊ သက်ဆိုင်ရာ ဒေသများနှင့် မိုင်းရယ်၊ တန့်ယန်းဒေသများတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဌာနမှ ကွင်းဆင်းဆောင်ရွက်ပါက လုံခြုံရေး ကိစ္စများကူညီဆောင်ရွက်ပေးကြရန် အားလုံးပူးပေါင်း ဆောင်ရွက်ပါက မကြာခင် ရည်မှန်းချက်များ ပြည့်မြောက်လာမည်ဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ လားရှိုးခရိုင်အတွင်းရှိ လားရှိုး၊ သိန္နီ၊ တန့်ယန်းနှင့် ကွမ်းလုံမြို့နယ်အတွင်းရှိ တပ်ရင်း တပ်ဖွဲ့ဝင်မိသားစုများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူ စုစုပေါင်း(၁၄၂၇)ဦးအတွက် နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း၊ အဖွဲ့ဝင်များ၊ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့၊ ကိုးကန့်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ပေးအပ်ရာ ဒေသခံပြည်သူများမှလက်ခံရယူပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန် လည်ပြောကြား ကြောင်းသိရှိရသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများသည် လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း၌ ကျင်းပသော သီရိမင်္ဂလာဓမ္မ ရတနာ သုံးထပ်ကျောင်းဆောင်တောသစ်ဆောက်လုပ်ရန်အတွက် အလှူတော်ငွေများ ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားတက်ရောက်ရာ အခမ်းအနားတွင် နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီးနောက် လားရှိုးမြို့နယ်သံဃဝနာယက ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တပာညနန္န (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) အဂ္ဂမဟာကမ္မဋ္ဌာနာစရိယထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးက သြဝါဒကထာများချီးမြှင့်ပြီး အလှူတော်ငွေပေးအပ် လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခြင်းကို ဆက်လက် ကျင်းပသည်။

အခမ်းအနားတွင် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက အလှူငွေများပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်းက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ၎င်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက အလှူငွေများပေးအပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက လက်ခံရယူပေး၍ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်သည်။ ထို့နောက် အလှူရှင်များ၏ အလှူငွေပေးအပ်လှူဒါန်းမှုကို ဒုတိယတိုင်းမှူး၊ ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီ အတွင်းရေးမှူးဦးနေလင်းနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပြန်လည်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ယင်းနောက်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိ သူများသည် လားရှိုးမြို့ ဆုံကွယ်ရပ်ကွက်ရှိ အစိုးရနည်းပညာအထက်တန်းတွင် တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုရာကျောင်းအုပ်ဆရာကြီးဦးမြတ်ထွန်းစိုး၏ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက လိုအပ်သည့်များ ဖြည့်စွက်မှာကြားကာ လားရှိုးမြို့ရှိ ရပ်ကွက်(၅)ရှိ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းလာရောက်အပ်နှံသော ကျောင်းသား/ကျောင်းများအား ဗလာစာအုပ်၊ ခဲတံ၊ face shield တို့ကို ထောက်ပံ့ပေးအပ်ကြောင်း၊ ကမ္ဘောဇခန်းမ၌ ကျောင်းဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

၎င်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူတို့သည် အမှတ်(၉/၁၀၀)တပ်မတော်စစ်ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသောဆရာဝန် သူနာပြုများ နှင့် တွေ့ဆုံ၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ဆေးရုံအတွက် ထောက်ပံ့ငွေကျပ်သိန်း(၃၀) ပေးအပ်ရာ အမှတ် (၉/၁၀၀) တပ်မတော်စစ်ဆေးရုံ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဆေးရုံတွင် လာရောက်ဆေးကုသနေသော လူနာများအား ကြည့်ရှုအားပေး စကား ပြောကြားကာ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)