ရွာငံမြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူများ လာရောက် ကျောင်းအပ်နှံ

ရွာငံ   မေ    ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်းများ၌ ကျောင်းသားကျောင်းသူများ ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ လက်ခံလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့်အတူ လာရောက်အပ်နှံလျက်ရှိကြောင်း သိရသည်။

ကျောင်းအပ်နှံရာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ထားရှိပြီး ကျောင်းသားကျောင်းသူများ၏ ကျောင်းဝင်ခွင့်လျှောက်လွှာပုံစံ ဖြည့်စွက်ခြင်း၊ ကျောင်း၏စည်းကမ်းချက်များအား ကျောင်းသား၊ မိဘများ လိုက်နာကြစေရန် ကျောင်းအုပ်ကြီးနှင့် သက်ဆိုင်ရာအတန်းအလိုက် ဆရာ/ဆရာမများမှ ဆွေးနွေးပြောကြားပြီး မိဘအုပ်ထိန်းသူများကိုယ်တိုင် လက်မှတ်ရေးထိုး ကျောင်းအပ်နှံပေးခဲ့ကြသည်။

ရွာငံမြို့နယ်တွင် အခြေခံပညာ(အထက်တန်း၊ အလယ်တန်း၊ မူလတန်း)ကျောင်း(၁၁၈)ကျောင်းရှိရာ (၁၁၆)ကျောင်း ကျောင်းအပ်လက်ခံနေပြီး အခြေခံပညာမူလတန်းကျောင်း ပဲရင်းတောင်နှင့် အခြေခံပညာမူလတန်းကျောင်း ပြေသာတို့တွင် ကျောင်းအပ်လက်မခံနိုင်သေးကြောင်း သိရသည်။

ထွန်းထွန်းဝင်း