ဝန်းသိုမြို့နယ် ကင်းမြင်သာကျေးရွာတွင် မိရိုးဖလာ “အိုး”အမျိုးအမျိုးလုပ်ငန်းဖြင့် မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်းသိရ

ဝန်းသို မေ ၂၄ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ကင်းမြင်သာကျေးရွာတွင် ရှေးနှစ်ပေါင်း ၁၀၀ကျော် အဘိုး အဘွားများလက်ထက်မှစတင်၍ မိရိုးဖလာ “အိုး”အမျိုးမျိုးလုပ်ငန်းကို လက်ဆင့်ကမ်း အမွေနှစ်အဖြစ် တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ အဆိုပါကျေးရွာနေ ပြည်သူများ ၏ မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။ “ကျမက ရွာထဲက “အိုး” တွေကို ငွေကြိုပေးဝယ်ပြီး တစ်ဆင့်ပြန်ရောင်းပါတယ်၊ “အိုး” အကြီး တစ်လုံးကို ၉၀၀ ကျပ်ဝယ်ပြီး ၁၀၀၀ ကျပ် ပြန်ရောင်းတယ်၊ အိုးအကြီး၊ အလတ်ရှိတယ်၊ ဘုရား သောက်တော်ရေအိုးဆိုတဲ့ အိုးအသေးရှိတယ်၊ အိုးအမျိုးအစားလိုက် တစ်ရာစားနဲ့ ဖောက်သယ် ပြန်ရောင်းတယ်၊ ဒီနှစ်ကရထား လမ်းကပိတ်ထားတော့ အခြားမြို့တွေကိုပို့ဖို့ရာ အခက်အခဲရှိတယ်၊ အဲ့အတွက် ဖောက်သယ်တွေက ကား၊ ဆိုင်ကယ်နဲ့ ဒီမှာလာဝယ်ပြီး ပြန်ဖြန့်ရောင်းကြတယ်၊ ဆိုင်ကယ်နဲ့သယ်ပြီးရောင်းတာတော့ပိုများတယ်၊ အိုးလုပ် ငန်းရာသီက အခုလိုနွေရာသီကပိုရောင်းရတယ်၊ မိုးတွင်းကြတော့ အိမ်ထဲမှာလှောင်ထားပီး မှရောင်းရတယ် အရောင်းအေးတယ်၊ နွေရာသီမှာတော့ အရောင်းအဝယ်ပိုလို့အဆင်ပြေတယ်” ဟု ကင်းမြင်သာ ကျေးရွာမှ “အိုး”အမျိုးမျိုး အရောင်းအဝယ်လုပ်ကိုင်နေသူ ဒေါ်နှင်းရီကပြောသည်။ ကင်းမြင်သာကျေးရွာမှ ထွက်ရှိသော သောက်ရေအိုးနှင့် အိုးအမျိုးမျိုးကို ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်း၊ ဗန်းမောက်၊ ပင်လည်ဘူး၊ အင်းတော် စသည့်မြို့များသို့ ရောင်းဝယ်ဖောက်ကား လျက်ရှိပြီး ခရီးမိုင် အကွာအဝေးပေါ်မူတည်၍ ဈေးနှုန်းအမျိုးမျိုး ရောင်းချလျက်ရှိကြောင်း သိရသည်။ “ကျွန်တော်က သောက်ရေအိုးကို ဆိုင်ကယ်နဲ့သယ်ပြီး ကျေးရွာအနှံ လှည့်လည်ရောင်းချပါတယ်၊ ခရိုင်အတွင်းမှာဆို ဗန်းမောက်မြို့ကို အများဆုံးသွားပြီး ရောင်းချပါတယ်၊ ပင်လည်ဘူးနယ် ကိုတော့ တစ်ခါတစ်ရံ သွားရောင်းပါတယ်၊ ဗန်းမောက်နယ်ဘက်က သောက်ရေအိုး အသေးလေး တွေကို ပိုရောင်းရပါတယ်၊ တစ်ခါသွားရင် ဆိုင်ကယ်တစ်စီးကို သောက်ရေးအိုးအကြီး ၃၂ လုံး၊ အသေးဆို ၃၇လုံး တင်သွားနိုင်ပါတယ်၊ သောက်ရေအိုးအကြီးတစ်လုံးကို ဖောက်သည်ဆေး ၁၀၀၀ယူပြီးတော့ ၂၅၀၀ကျပ်၊ ၃၀၀၀ကျပ်လောက် ရောင်းရပါတယ်၊ သွားရတဲ့ ခရီးအကွာအဝေး ပေါ်မူတည်ပြီးတော့ ဈေးအမျိုးမျိုးရောင်းရပါတယ်၊ အခုလို သောက်ရေအိုးရောင်းတဲ့ လုပ်ငန်း လေးကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်နေရတဲ့အတွက် မိသားစုစားဝတ်နေရေး အဆင်ပြေပါတယ်” ဟု ကင်းမြင်သာကျေးရွာမှ မိရိုးဖလာအိုးလုပ်ငန်းကို ကိုယ်တိုင်လည်းလုပ် တစ်ဆင့်ပြန် လည်ပြီး ဆိုင်ကယ်နှင့် လှည့်လည်ရောင်းချလုပ်ကိုင်နေသူ ဦးအောင်နိုင်ဝင်းက ပြောသည်။ ဝန်းသိုမြို့နယ် ကင်းမြင်သာကျေးရွာတွင် အိမ်ခြေပေါင်း ၁၅၀ ကျော်ရှိရာ ရွာလုံးကျွတ်နီးပါး “အိုး” လုပ်ငန်းကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး အဆိုပါအိုးလုပ်ငန်းဖြင့် တစ်ဘက်တစ်လမ်းမှ နေ့စဉ်ဝင်ငွေရရှိသည့်အတွက် မိသားစုစားဝတ်နေရေး အဆင်ပြေလျက် ရှိကြောင်း သိရသည်။ ကျော်မြိုင်