ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး COVISHIELD ပထမအကြိမ် ထိုးနှံပြီးသူများကို ဒုတိယအကြိမ် ထိုးနှံပေး

ဇီးကုန်း မေ ၂၄

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန် အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဧပြီလ ၂၁ ရက်နေ့က ပထမအကြိမ် ထိုးနှံပြီးသော ဒေသခံပြည်သူများအား ယနေ့နံနက် ၈ နာရီက မြို့နယ်ပြည်သူ့ ခန်းမတွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး COVISHIELD ကို ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်၍ ဆရာတော်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သက်ကြီး ရွယ်အိုများနှင့် ပြည်သူများအား ထိုးနှံပေးခဲ့ရာ (၃၁၇၈)ဦးကို ထိုးနှံပြီးစီးပြီ ဖြစ်ကြောင်းနှင့် ယနေ့တွင်လည်း (၁၀၈၄)ဦးကို ဒုတိယအကြိမ် ထိုးနှံပေးမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုကူးစက်ခံရသူ (၈၁) ဦးရှိခဲ့ပြီး အဆိုပါ‌ ရောဂါ‌ကူးစက်ခံရသူများထဲမှ အဆုပ်ကင်ဆာ ရောဂါခံစားနေရသူ တစ်ဦးသာ သေဆုံးခဲ့ပြီး ကျန်ကူးစက်ခံရသူများ အားလုံး ပြန်လည်ကျန်းမာလာခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေး ကော်မတီ ထံမှ သိရသည်။

တင့်ဆွေ(ပြန်ဆက်)