မြိတ်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြည်သူများအား ပေးအပ်

မြိတ်    မေ   ၂၄

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့်  ဆောင်ရွက်ပြီးစီးခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်း(၁၃၉၀)စောင်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၅၈၅)ကတ်ကို မေလ(၂၄) ရက် နံနက် (၉)နာရီက ပုလဲရတနာခန်းမတွင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပြည်သူများအား ပေးအပ်ခဲ့သည်။

အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲတွင် တနင်္သာရီတိုင်းဒေသ ကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီး ဦးစီးဌာနမှူး ဦးယဉ်ထွေး က ပန်းခင်းစီမံချက်ဖြင့် ပြည်သူလူထုအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းကွင်းဆင်း ဆောင်ရွက်ပေးနေမှုအား ရှင်းလင်းပြောကြားသည်။

ထိုနောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကြီး၊ ဦးခင်မောင်မြင့်၊ လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီး ဦးစီးမှူး ဦးယဉ်ထွေး၊ မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် တာဝန်ရှိသူများက ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို ပြည်သူများအား ပေးအပ်ခဲ့ကြသည်။

ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု စာရင်းမရှိသေးသည့်  ပြည်သူများနှင့် အသက်(၁၆) နှစ်နှင့်(၁၈)နှစ်ကြား၊ အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသေးသည့်   မြိတ်မြို့နယ် အတွင်းရှိ   ရပ်ကွက်(၁၂)ရပ်ကွက်နဲ့ ကျေးရွာအုပ်စု(၂)စုကို မေလ(၃)ရက်နေ့မှ စတင်၍ စုပေါင်းရုံးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ဆောင်ရွက်ပေးလျက်ရှိရာ ဆောင်ရွက်ပြီးစီးခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်း (၁၃၉၀)စောင်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၅၈၅)ကတ်ကို ပြည်သူများအား ယနေ့အခမ်းအနားတွင် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားအပြီးတွင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများမှ အိမ် ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိသည့် စုပေါင်းရုံးတွင် ပြည်သူများ လာရောက်ဆောင်ရွက်နေမှုများကို သွားရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)