မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင် တိုင်းဒေသကြီး ရင်းနှီးမြှပ်နှံမှုကော်မတီ အစည်းအဝေး တက်ရောက်

 

မကွေး     မေ     ၂၂

မကွေးတိုင်းဒေသကြီးရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခွင့်ပြုရန်ကိစ္စနှင့် ပတ်သက်ပြီး တိုင်းဒေသကြီး ရင်းနှီးမြှပ်နှံမှုကော်မတီ အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီက တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင် တက်ရောက် အမှာစကားပြောကြားသည်။

 

အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင်က ကော်မတီ အဖွဲ့ဝင်များအနေဖြင့် မိမိတို့တိုင်းဒေသကြီးက စိတ်ပါဝင်စား၍ ရင်းနှီးမြှုပ်နှံမှု လာရောက် လုပ်ကိုင်သည့် ပြည်တွင်း-ပြည်ပ  ရင်းနှီးမြှုပ်နှံသူများ လွယ်ကူအဆင်ပြေစေရေးကို လုပ်ထုံး လုပ်နည်း များနှင့်အညီ ခွင့်ပြုပေးနိုင်ရေး စဉ်စားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံ၏စီပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသည့် ပြည်တွင်း-ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပိုမိုတိုးပွားလာစေရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံ၏စီပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ကြွယ်ဝချမ်းသာရေးအတွက် နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးပွား များပြားလာစေခြင်းသည် အဓိကတစ်ခုလည်းဖြစ်ပါကြောင်း၊နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အတူ နိုင်ငံသားများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှု နည်းပညာ အတတ်ပညာများ တိုးတက်ရရှိမှုတို့သည် တပြိုင်တည်း ရရှိလာစေမှာဖြစ်ပါကြောင်း၊ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများကို အကောင်းဆုံး ဝန်ဆောင်မှုပေးခြင်းသည် အကောင်းဆုံးသော ထိရောက်အောင်မြင်သည့် ရင်းနှီးမြှုပ်နှံ မှုမြှင့်တင်ခြင်း( Investment Promotion)လည်းဖြစ်ပါကြောင်း၊သို့မှသာ မိမိတို့တိုင်းဒေသကြီးသည် ပြည်တွင်း-ပြည်ပ ရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုရှိသည့် တိုင်းတစ်ခုဖြစ်ကာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ တိုးပွားများပြားလာမှာဖြစ်ပါကြောင်းပြောကြားသည်။

 

ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးရင်းနှီးမြှပ်နှံမှုကော်မတီ အတွင်းရေးမှူးက မကွေးတိုင်း ဒေသကြီး ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခွင့်ပြုရန်နှင့်Paragon Myay Latt Thar Co.,Ltd. က နှမ်းကုန်ကြမ်းများကို ပြည်ပမှ အခွန်အကောက် ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုပါရန် တင်ပြလာခြင်းအပေါ် Norm သတ်မှတ်နိုင်ရေး ကွင်းဆင်းစစ်ဆေးခွင့်ပြုပါရန် ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အမိန့်ကြော်ငြာ စာအမှတ် ၂၅/၂၀၁၇ တိုင်းဒေသကြီးနှင့်ပြည်နယ်အတွင်း ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို စိစစ်ရာတွင် လိုက်နာကျင့်သုံးရမည့် လုပ်ထုံးလုပ်နည်းများကို Power Point  ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

ခရိုင်ပြန်/ဆက်