ပုဂံမြို့၌ အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေး ပြင်ဆင်မှုများဆောင်ရွက်

 

ညောင်ဦး  မေ  ၂၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံမြို့၌ အခြေခံပညာ ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက် ၇ နာရီအချိန်က ညောင်ဦးမြို့နယ် ပုဂံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် တပ်မတော်သားများ၊ ညောင်ဦးခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့များ၊ ညောင်ဦးခရိုင်/ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ/ ဆရာမများစုပေါင်း၍ ကျောင်းဝင်းအတွင်းသန့်ရှင်းရေးနှင့်ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိသည်။

 

ညောင်ဦးမြို့နယ် ပုဂံမြို့ အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်ပါက ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးနှင့်ကျောင်းပတ်ဝန်းကျင်  သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်း၍ ကြိုတင်ပြင်ဆင်သန့်ရှင်းရေး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ညောင်ဦးမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၂၁၉ ကျောင်းရှိကြောင်း၊ ၂၀၂၁ -၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းအပ် လက်ခံမှုများကို  မေ ၂၄ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ပြုလုပ် သွားမည်ဖြစ်ကြောင်း၊ ကျောင်းအပ်လက်ခံရာတွင် အခကြေးငွေတစ်စုံတစ်ရာ ကောက်ခံသွားမည် မဟုတ်ကြောင်း သိရသည်။

           

ညောင်ဦးမြို့နယ် တိုက်ကုန်းရပ်ရှိ မြို့မအခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း သန့်ရှင်းရေး ပြုလုပ်ရာသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြအောင်တို့မှ အနီးကပ်ကြီးကြပ်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးလွင်၊ ရထားရဲတပ်ဖွဲ့မှ ရဲမှူးမျိုးမြင့်အောင်၊ ကမ္ဘာလှည့် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး စိုးနိုင်၊ မြို့မရဲစခန်းမှူး အောင်မင်းခိုင်၊ ညောင်ဦးခရိုင်/ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အင်အားစုစုပေါင်း၂၄၀ဦးခန့်မှ မြို့မအခြေခံပညာကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ကိုဗစ်−၁၉ရောဂါကြောင့် ကျောင်းများ ပိတ်ထားသည့် ကာလအတွင်း သစ်ပင်ကြီး၊ သစ်ပင်ငယ်များမှသစ်ရွက်မှိုက်များ၊ ပေါင်းမြက်များ၊ ကျောင်းခန်း အတွင်း ဖုံများ၊ ကျောင်းခန်းထဲရှိ ထိုင်ခုံများ၊ အခန်းနံရံများ၊ မျက်နှာကျက်များအား တပ်မတော် အရာရှိစစ်သည်များ၊ ညောင်ဦးခရိုင်/ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ညောင်ဦးခရိုင်/ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မအခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများက စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြရာ ညောင်ဦးမြို့နယ် စီပင်သာယာရေးဦးစီးဌာနမှ အမှိုက်မော်တော်ယာဉ်သုံးစီးဖြင့် အမှိုက်များ သိမ်းစည်းခဲ့ကြောင်း သိရသည်။ မကြာမီကျောင်းများ ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံချိန်နှင့်ကျောင်းတက်ချိန် ကျောင်းဝင်း၊ကျောင်းပြင် သန့်ရှင်း သာယာလှပ နေစေရန် စုပေါင်းသန့်ရှင်းရေးပြုလုပ် ခြင်းဖြစ်ကြောင်း၊ ညောင်ဦးမြို့၊ပုဂံမြို့ကျောင်းများကိုလည်း အလှည့်ကျသန့်ရှင်းရေးပြု လုပ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ကိုထိန်၊KPD