ရန်ကင်း ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ စာဖတ်ဝိုင်းကို ယမနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးဒေါ်လှလှထွေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာပေချစ်မြတ်နိုးသူများအသင်းမှစာရေးဆရာမ ဒေါ်အေးပွင့်က စာရေးဆရာမခင်ဆွေဦး ရေးသားသော “ဒို့တိုင်းဌာနီ” စာအုပ်မှ စာအုပ်ပါ ဇာတ်ကောင်စရိုက်၊ မျိုးချစ်စိတ်ရှင်သန် ထက်မြက်ပုံ၊ သူ့ကျွန်ဘဝခံစားခဲ့ရပုံများစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး စာပေချစ်မြတ်နိုးသူများအသင်းမှ (ရန်ကင်း)မောင်မြတ်နိုး၊ ဇွန်ဖြူ(ပညာရေး)တို့က အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ စာဖတ်ဝိုင်းပြုလုပ်ပြီးနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသောသုတ/ရသစာအုပ်များ၊ “လူကုန်ကူးမှုအန္တရာယ်” အသိပညာပေး နံရံကပ်စာစောင်များအား တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများအသင်းအဖွဲ့များက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သတင်းရရှိသည်။
ရဲလေး(ပြန်ဆက်)