တာမွေမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

တာမွေ       ဇွန်       ၉

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ အနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ယာဉ်လမ်းအန္တရာယ် ကင်းရှင်းစွာသွားလာတတ်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က ယာဉ်ထိန်းတပ်ဖွဲ့စု(၂၅)မှ ဒုရဲမှူးအေးသန်း၏ ဦးဆောင် မှုဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို တာမွေမြို့နယ်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း မြတ်ပန်းသဇင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တာမွေမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းတာဝန်ခံ ဆရာမက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ယာဉ်ထိန်းတပ်ဖွဲ့စု(၂၅)မှ ဒုရဲမှူးအေးသန်းက ခြေလျင်လျှောက်သူများ လိုက်နာရမည့်စည်းကမ်းများနှင့် အဆိုပါ စည်းကမ်းများအား ဖောက်ဖျက်ကျူးလွန်ပါက အရေးယူခံရနိုင်သည့် ပုဒ်မများ၊ ပြစ်ဒဏ်များ စသည်ဖြင့် ကျောင်းသူများ သိသင့်သိထိုက်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများနှင့် ပတ်သက်၍ အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသူလေးများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကြ ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။ ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို တက်ရောက်လာကြသော ကျောင်းသူလေးများ လက်ဝယ်အရောက် အခမဲ့ဖြန့်‌ဝေပေးခဲ့ကြကြောင်းနှင့် ဟောပြောပွဲအခမ်းအနားသို့ တာမွေမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့စု(၂၅)မှ ဒုရဲမှူးအေးသန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသူလေးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ယနေ့ကမ္ဘာပေါ်တွင် ယာဉ်တိုက်မှုကြောင့် တစ်နှစ်လျှင်လူဦးရေ (၁.၃၅)သန်းကျော် သေဆုံးနေရပြီး တစ်ရက်လျှင် သေဆုံးနှုန်းပျမ်းမျှ (၃၇၀၀)ဦးခန့်ရှိတာကြောင့် တာမွေမြို့နယ်အတွင်း ယာဉ်လမ်းအန္တရာယ် ကင်းဝေးစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ထက်တံခွန်(တာမွေ)