မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း မွန်ပြည်နယ် လူငယ်စင်တာဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မော်လမြိုင် ဇွန် ၉

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် လူငယ်စင်တာဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက ‌ကျောင်းသားအားကစားကွင်း၌ကျင်းပပြုလုပ်ရာ ဦးစွာပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လူငယ်စင်တာဖွင့်လှစ်နိုင်ရေး အားကစားခုံ၊ GYM ခန်းမ၊ စာသင်ခန်း၊ အိမ်တွင်းမှုခန်း၊ အိပ်ခန်း၊ ဂီတခန်း၊ နားနေခန်း၊ စာကြည့်တိုက်၊ ကွန်ပျူတာခန်း၊ ပန်းချီခန်းများတွင် လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာရှင်၊ အတတ်ပညာရှင်များက သက်ဆိုင်ရာဘာသာရပ်များအလိုက် လေ့ကျင့်ပြုစု ပျိုးထောင်ပေးနိုင်ရေးပြင်ဆင်ထားရှိမှုနှင့် လူငယ်များလေ့လာသင်ယူနိုင်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် မွန်ပြည်နယ် လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းက လူငယ်စင်တာ ဖွင့်လှစ်မည့် အခြေအနေများအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းဆွေး‌နွေးခဲ့ကြသည်။

ယင်းနောက် မွန်ပြည်နယ်လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက   “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့် ဦးတည်ချက်အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လူငယ်စင်တာများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ လူငယ်မောင်မယ်များ အနေဖြင့် လူငယ်စင်တာအား အကျိုးရှိရှိ အသုံးချပြီး နိုင်ငံအကျိုး၊ အများပြည်သူအကျိုးကို တတ်စွမ်းသမျှ သယ်ပိုးဆောင်ရွက်နိုင်သော ဗလငါးတန်နှင့်ပြည့်စုံသော အနာဂတ်ပဲ့ကိုင်ရှင်များဖြစ်အောင် ကြိုးစားကြရန် ပြောကြားခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)