မော်လမြိုင် ဇွန် ၉
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ် ၃၈ မူးယစ်တပ်ဖွဲ့စု(မော်လမြိုင်)၊ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းတို့ပူးပေါင်း၍ ဇွန်လ(၈)ရက်နေ့က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်စန်းမြင့်က မူးယစ်ဆေးဝါး နှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး မိမိတို့၏ကိုယ်ပိုင်အသိပညာဖြင့် အမှား၊ အမှန်ကို ဝေဖန်ပိုင်ခြားတတ်စေရန်အတွက် စာအုပ်စာစောင်များအား လေ့လာဖတ်ရှုစေရေးတို့ကိုလည်းကောင်း၊ အမှတ် ၃၈ မူးယစ်တပ်ဖွဲ့စု (မော်လမြိုင်) တပ်ဖွဲ့စုမှူး ရဲမှူး ရန်နိုင်ထွန်းက ယနေ့လူငယ်များ မူးယစ်ဆေးဝါး အန္တရာယ်နှင့် ရင်ဆိုင်နေရမှုများ၊ မူးယစ်ဆေးဝါးစာရင်းတွင် ပါ၀င်နေသည့်ဆေးဝါးများ၊ မူးယစ်ဆေးဝါးကြောင့် ဘ၀ပျက်ခဲ့ရမှုများ၊ မူးယစ်ဆေးဝါးကြောင့် ဖြစ်ပွားတတ်သည့်ရောဂါများနှင့်သုံးစွဲသူများ၏ သွင်ပြင်လက္ခဏာများ၊ ထုတ်လုပ်မှု၊ သုံးစွဲမှု ပပျောက်ရေးနှင့် တားဆီးနှိမ်နှင်းရေး နည်းဗျူဟာသုံးရပ်ချမှတ်၍ တားဆီးဆောင်ရွက်နေမှုများ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ပြစ်မှု၊ ပြစ်ဒဏ်များနှင့် ဥပဒေရေးရာ အကြောင်းအရာများကိုလည်းကောင်း၊ မူးယစ်ဆေးဝါးဆန်ကျင်ရေးအသင်း အလုပ်အမှုဆောင် ဦးသန်းဝင်းက မူးယစ်ဆေးဝါးအန္တရာယ်သမိုင်းကြောင်းအား လည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့ကြသည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသော အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၄၃၀)ဦးက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)