မော်လမြိုင် ဇွန် ၉
တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပထမနေ့)ကို ယနေ့ နံနက်(၁၀:ဝဝ) နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ အစီအစဉ်(၁၀)ရပ်ဖြင့်ကျင်းပရာ အစည်းအဝေးသို့ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်စာရင်းစစ်ချုပ်တို့ တက်ရောက်သည်။
ဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပထမ)နေ့သို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးရေ (၃၁)ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ (၂၉) ဦး တက်ရောက်သဖြင့် တက်ရောက်မှုရာခိုင်နှုန်း ၉၃ ဒသမ ၅၅ ရာခိုင်နှုန်းရှိသည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပြီး အစည်းအဝေး တက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
အဆိုပါပုံမှန်အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၄)ဦး မေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်း (၅)ခုကို သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများက ပြန်လည် ဖြေကြားခြင်းတို့ ဆောင်ရွက်သည်။
ထို့နောက် အတွဲလိုက် Sound Box များ ဖွင့်လှစ်၍ ဆူညံသံများဖြင့် နိုင်ငံသားများ၏ ကျန်းမာရေးကို ထိခိုက်အနှောင့်အယှက်ဖြစ်နေခြင်းအား ထိရောက်စွာ အရေးယူတားဆီး ပိတ်ပင်ရေးအဆိုနှင့် အခြေခံပညာကျောင်းများတွင် အခြေခံပညာ မူလတန်းအဆင့်၌ သင်ကြားနေသော တိုင်းရင်းသားစာပေကို Grade-4 ၊ Grade-5 အထိ တိုးမြှင့် သင်ကြားသင့်ကြောင်းအဆိုကို လက်ခံဆွေးနွေးရန် သင့်၊ မသင့် ပြည်နယ်လွှတ်တော်မှ ဆုံးဖြတ်ခြင်းနှင့် ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ်များက ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်းတို့ဆောင်ရွက်သည်။
ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့ငွေစာရင်း စိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအား ပြောင်းလဲ/ဖြည့်စွက်တာဝန်ပေးအပ်ရန် အမည်စာရင်းများကို လွှတ်တော်သို့ တင်ပြပြီး ၎င်းကော်မတီ (၃) ခု၏ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ပြောင်းလဲ/ ဖြည့်စွက် တာဝန်ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း ပေးသွင်းနိုင်ကြောင်း ကြေညာခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပထမ)နေ့ ကိုရပ်နားလိုက်ပြီး အစည်းအဝေး ဒုတိယနေ့ကို ဇွန်လ ၁၂ ရက် နံနက် ၁၀ နာရီအချိန်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)